Home သတင်း BIMSTECအစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်တာဟာ မင်းအောင်လှိုင်ကို ထိုင်းအစိုးရက တရားဝင်အသိအမှတ်ပြု ဆက်ဆံလိုက်တာလို့ DMDထုတ်ပြန်

BIMSTECအစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်တာဟာ မင်းအောင်လှိုင်ကို ထိုင်းအစိုးရက တရားဝင်အသိအမှတ်ပြု ဆက်ဆံလိုက်တာလို့ DMDထုတ်ပြန်

22
0

CNA၊ မတ်၊ ၂၆။

ကမ္ဘာ့အသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချမှုတွေကြားကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို BIMSTEC အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်တာဟာ မင်းအောင်လှိုင်ကို ထိုင်းအစိုးရက တရားဝင်အသိ အမှတ်ပြု ဆက်ဆံလိုက်တာဖြစ်တယ်လို့ Defend Myanmar Democracy (DMD) အဖွဲ့က ထုတ်ပြန်လာပါတယ်။

ဧပြီလ ၃ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပမယ့် ဘင်္ဂလား ပင်လယ်အော်ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းအစိုးရက ဖိတ်ကြားထားတာလည်းဖြစ်ပါတယ်။

ဒီဖိတ်ကြားမှုကို Defend Myanmar Democracy (DMD)အဖွဲ့အနေနဲ့ အပြင်းအထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကော်ဇောနီခင်း ဖိတ်ခေါ်ကြိုဆိုမယ့် ထိုင်းနိုင်ငံရဲ့ လက်ရှိဆုံးဖြတ်ချက်ဟာ သံခင်းတမန်ခင်း လုပ်ဆောင် ခြင်းမဟုတ်ဘဲ ရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်ခြင်းသာဖြစ်တယ်လို့လည်း DMDအဖွဲ့က အသိပေးထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ရာဇဝတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ မြန်မာ့ဒီမို ကရေစီစနစ်ကို ဖျက်ဆီးမှုတွေ အတွက် အဓိကတာဝန်ရှိသူဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ထိုင်းနိုင်ငံဟာ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် မဖိတ်သင့်ပါဘူး။ သူက အစိုးရခေါင်းဆောင်မဟုတ်ဘူး။ ရာဇဝတ် စစ်အုပ်စုဂိုဏ်းခေါင်းဆောင်ပါ။ သူ့ကို ကော်ဇောနီခင်း ဖိတ်ခေါ်ဂုဏ်ပြုရမယ့်အစား ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုက သူ့အခန်းကဏ္ဍ အတွက် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အတိုင်း အာဂျင်တီးနားတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး သူ့ကိုဖမ်းဆီးသင့်ပါတယ်”လို့လည်း Defend Myanmar Democracyရဲ့ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါသေးတယ်။

ASEAN က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ရှားထားပေမဲ့BIMSTECအဖွဲ့ကတော့ တရားမဝင်စစ်အုပ်စုကို တရားဝင်အသိအမှတ်ပြု ဆက်ဆံနေတဲ့အပြင်၊ ၂ဝ၂၂ ခုနှစ်အတွင်းမှာလည်း အဖွဲ့ရဲ့ ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးဖို့အတွက် မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။

ဒါ‌ကြောင့် BIMSTECနဲ့ ၎င်းရဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာရာဇဝတ် စစ်အုပ်စုကို အသိအမှတ် မပြုဖို့၊ မင်းအောင်လှိုင်နဲ့ ၎င်းရဲ့ကိုယ်စားလှယ်တွေကို ထိပ်သီးအစည်းအဝေးကနေ တားမြစ်တာတွေကိုလုပ်ဆောင်ဖို့လည်း DMDက တိုက်တွန်းထားပါတယ်။

BIMSTEC အဖွဲ့ဟာ ဘင်္ဂလားပင်လယ်အော်ဒေသတွင်းက ၎င်းရဲ့အဖွဲ့ဝင်နိုင်ငံတွေအကြား ငြိမ်းချမ်းရေး၊ စီးပွားရေးတိုးတက်မှုနဲ့ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးတို့ကို အားပေးကူညီဆောင်ရွက်ပေးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here