မတ်လ ၊ ၃၁ ။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံးက ပြည်သူတွေ ပူဆွေးသောကရောက်နေချိန်မှာ စစ်ကောင်စီက ကျောက်ဖြူမြို့နယ်အတွင်းက ကုလဘာကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ ညနေမှာ ကျောက်ဖြူမြို့နယ်အတွင်းက ကုလဘာကျေးရွာကို လေကြောင်းကနေတဆင် ဒရုန်း နဲ့ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တဲ့ အတွက် နေအိမ်တစ်လုံးပျက်စီးသွားခဲ့ရပြီး လူကတော့ ထိခိုက်ဒဏ်ရာ ရတာမရှိခဲ့ဘူးလို့ ပြောပါတယ်။
လက်ရှိဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ ရဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးမှု အခြေအနေတွေဟာ ငြိမ်းသက်နေပေမယ့် စစ်ကောင်စီက အများသူငှာ စိတ်သောက ရောက်နေချိန်မှာ လေကြောင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ လေကြောင်းတိုက်ခိုက်တာ စတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
” ဒီရက်ပိုင်းကတော့ တိုက်ပွဲ ဖြစ်တာနည်းတယ် ဒါ့ပေမယ့်စစ်ကောင်စီကတော့ ပစ်တာခတ်တာတွေကို ဆက်တိုက်လုပ်နေတာပါပဲ။အခုတိုက်ခိုက်ခံရတဲ့ အထဲမှာလည်း ပျက်စီးတာပဲ ရှိတယ် လူတွေ ထိခိုက်တာကတော့မရှိဘူးလို့ ” ကျောက်ဖြူဒေသခံ တစ်ဦးက ပြောပါတယ်။
မြေငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီဟာ တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြိုနယ်အတွင်း နောင်လင်ကျေးရွာကို ဂျက်ဖိုက် နဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းအပါအဝင်နေအိမ်တွေလည်း ထိမှန်ပျက်စီးတာတွေ ရှိခဲ့ရပါတယ်။
၇.၇ ပြင်းအားရှိတဲ့ ငလျင်ဟာ စစ်ကိုင်း နဲ့ မန္တလေးကို ဗဟိုချက်ပြုပြီးတော့ မကွေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးအပါအဝင်မြို့တော်တော်များများကို အရှိန်ပြင်းပြင်း နဲ့ လှုပ်ခတ်ခဲ့တာကြောင့် လမ်းတံတားတွေ၊ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ရသလို ဒီနေ့စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် စာရင်းအရ သေဆုံးသူဟာ ၁၇၀၀ ကျော် ရှိနေပြီး ဒဏ်ရာရရှိသူကတော့ ၃၄၀၀ ကျော် နဲ့ ပျောက်ဆုံးနေသူကတော့ ၃၀၀ ကျော်ရှိဖြစ်တယ်လို့ ဆိုထားပါတယ်။
အခုလို့ ပြည်သူတွေ အနေနဲ့ အခက်အခဲများစွာ ပူဆွေးသောကတွေ များနေပြီးသေရေးရှင်ရေးကာလရောက်နေတဲ့ အချိန်မှာ အပစ်အခတ်ရပ်စဲပြီးတော့ အသက်တွေကယ်ဖို့ နဲ့ လိုအပ်နေသူတွေကို ကူညီဖို့ ကို ပိုပြီး အာရုံစိုက်သင့်တယ်လို့လည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnanကတိုက်တွန်းပြောဆိုထားပါတယ်။
ဒါ့ပြင် ရှမ်းနီအမျိုးသားများညီညွတ်ရေးအစည်းအရုံး(SNUA)ကလည်း ငလျင်ဘေးဒဏ်သင့်နေတဲ့ အချိန်မှာ လူထုကို စာနာသနားတဲ့ အနေ နဲ့ စစ်ရေးအသာရလိုမှုသဘော မပါဘဲလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်မှုတွေ အတွက် နှစ်ဖက် အပစ်ရပ်ကြဖို့ကိုလည်း တိုက်တွန်းပြောဆိုထားပါတယ်။
ဒါ့အပြင် NUG အစိုးရ အနေ နဲ့လည်း ငလျင်ဒဏ်သင့် ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန်နိုင်ဖို့အတွက် ငလျင်ဒဏ်သင့် ဒေသ နဲ့ ဆက်စပ်တဲ့ ခရိုင်တွေမှာ ခုခံကာကွယ်စစ်က လွဲပြီးတော့ ထိုးစစ်အားလုံးကို မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိ နှစ်ပတ်ကြာရပ်နားမှာ ဖြစ်တယ်လို့ လည်း ထုတ်ပြန် ပြောဆိုထားပါတယ်။