မတ်လ ၊ ၃၁ ။
ဒီနေ့ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကုန်ဘွေရွာကို စစ်ကောင်စီနေဗီက လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဟန်တစ်ပါးအပါအဝင် အရပ်သားတစ်ဦး သေဆုံးခဲ့ရပြီး နောက်ထပ် ဆရာတော်ကြီးတစ်ပါး နဲ့ ကိုရင်တစ်ပါး အပါအဝင် ဒေသခံပြည်သူ ၇ ဦးဟာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပျံလွန်တော် မူသွားတဲ့ ရဟန်းတစ်ပါးကတော့ ကျောက်ဖြူမြိုနယ်၊ ဇင်ချောင်းကုန်ဘွေရွာက သက်တော် ၃၂ နှစ်အရွယ် အရှင်အာဒိစ္စ ဖြစ်ပြီးတော့ သေဆုံးသွားတဲ့ အရပ်သား တစ်ဦးကတော့ အသက် ၃၀ အရွယ် ဦးဘဂျမ်း တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
နောက်ထပ်ဒဏ်ရာရရှိသွားတဲ့ ဆရာတော်ကြီးတစ်ပါး နဲ့ ကိုရင်တစ်ပါးကတော့ သက်တော် ၇၄ နှစ်အရွယ် ဆရာတော်ကြီး အရှင်ဇနိတ နဲ့ အသက် ၁၂ နှစ်အရွယ် အရှင်ဓမ္မာနန္ဒ တို့ဖြစ်ကြပြီးတော့ အသက် ၄၅ နှစ်အရွယ် ဦးမောင်ထွန်းမြ ၊အသက် ၅၀ အရွယ် ဒေါ် သန်းသန်းအေး၊အသက် ၃၁ နှစ်အရွယ် ဒေါ် ဖြိုးဖြိုးဝင်း၊အသက် ၅၅ နှစ်အရွယ် ဒေါ် သိန်းဟန်နု ၊ အသက် ၁၆ နှစ်အရွယ် မခင်မြအေး တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အဲဒီထဲက အသက် ၃၁ နှစ်အရွယ် ဒေါ် ဖြိုးဖြိုးဝင်းမှာ အုန်းတောကျေးရွာကနေ ဇင်ချောင်းကုန်ဘွေရွာကိုစစ်ဘေးရှောင်အဖြစ်နဲ့ ရောက်ရှိနေသူ ဖြစ်သလို အသက် ၅၅ နှစ်အရွယ် ဒေါ် သိန်းဟန်နု ဆိုသူမှာလည်း ရွာသစ်ကျေးရွာက စစ်ဘေးရှောင်ရောက်နေသူ ဖြစ်ပြီးတော့ အသက် ၁၆ နှစ်အရွယ် မခင်မြအေး ဆိုသူမျာလည်းဆင်တက်မော်ရွာသစ်ရွာကနေ စစ်ဘေးရှောင်ဖို့ ရောက်ရှိနေသူ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဝါးနက်ချွိန်ရွာနားမှာကျောက်ချရပ်ထားတဲ့ နေဗီက ပစ်တာလို့တော့ သိရတယ်။ဘာမှတိုက်ပွဲ မရှိဘဲ ဒီအတိုင်း ပစ်ချင်လို့ကို ပစ်တာ။ဘုန်းကြီးကျောင်း နဲ့ အောင်မင်္ဂလာရပ်ကွက်ကို ကျတာ ။ ရဟန်းတစ်ပါး နဲ့ လူတစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။နောက်ဒဏ်ရာရတဲ့ သူတွေ ထဲမှာလည်း စိုးရိမ်ရတဲ့ သူတွေ ရှိနေသေးတယ်”လို့ သူကပြောပါတယ်။
အဲဒီလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးဘဂျမ်းမှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ရတာ ဖြစ်ပြီးတော့ ရဟန်းဖြစ်တဲ့ အရှင်အာဒိစ္စမှာတော့ ဆေးရုံ အသွား လမ်းမှာ ပျံလွန်တော် မှုခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံးက ပြည်သူတွေ ပူဆွေးသောကရောက်နေချိန်မှာ စစ်ကောင်စီက ကျောက်ဖြူမြို့နယ်အတွင်းက ကုလဘာကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တာကြောင့် စာသင်ကျောင်း အပါအဝင် နေအိမ် တချို့လည်း အပျက်စီးတာတွေ ရှိခဲ့ရပါတယ်။