Home သတင်း စစ်ရေး တော်လှန်ရေးတပ်တွေရဲ့ ယာယီအပစ်ရပ်မဲ့ ကိစ္စစစ်ခေါင်းဆောင် လက်မခံ

တော်လှန်ရေးတပ်တွေရဲ့ ယာယီအပစ်ရပ်မဲ့ ကိစ္စစစ်ခေါင်းဆောင် လက်မခံ

52
0
ပုံ - အွန်လိုင်း

ငလျင်ဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့ တော်လှန်ရေးတပ်တွေရဲ့ ယာယီအပစ်ရပ်ကမ်းလှမ်းချက်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်မခံဘူးလို့ ပယ်ချလိုက်ပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိတဲ့ မြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်အပြီးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NU G)နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့တို့က ငလျင်နောက်ဆက်တွဲလုပ် ငန်းတွေ အမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့ ယာယီအပစ်ရပ်ကြောင်းထုတ်ပြန်လာကြတာလည်းဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း ငလျင်ဘေးသင့်ကာလအတွင်း ခုခံကာကွယ်စစ်ကလွဲပြီး ထိုးစစ်ဆင်တာမရှိသလို၊ ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)ကလည်း ငလျင်ကယ်ဆယ်ရေးကာလအတွင်း စစ်ဆင်ရေးတွေကိုယာယီရပ်နားထားတယ်လို့ အဲ့ဒီအဖွဲ့တွေရဲ့ တာဝန်ရှိသူတွေက သတင်းမီဒီယာတွေကိုဖြေကြားထားတာတွေ့ရပါတယ်။

ဒီအပေါ် မနေ့ဧပြီလ ၁ရက်နေ့တုန်း နေပြည်တော်မှာ ပြုလုပ်တဲ့ ငလျင်ဘေးဒဏ်ကူညီရေး ငွေလှူဒါန်းမှုများ လက်ခံပွဲမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တော်လှန်ရေးတပ်တွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီးလိုအပ်တဲ့ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တနည်းအားဖြင့် စစ်ဆက်တိုက်သွားမယ်လို့ ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိအခြေအနေမှာ တိုက်ပွဲဖော်ဆောင်တာမရှိပေမယ့် တိုက်ခိုက်ခြင်းတွေလုပ်ဆောင်ဖို့အတွက် စုဖွဲ့တာနဲ့ လေ့ကျင့်ပြင်ဆင်တာတွေကို လုပ်ဆောင်နေတဲ့အတွက်၊ အဲ့ဒီလိုဆောင်ရွက်တာဟာ တိုက်ခိုက်ခြင်းပင်ဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။

ဒါကြောင့် တပ်မတော်အနေနဲ့ လိုအပ်တဲ့ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်ဆောင်က အသိပေးသွားပါတယ်။

စစ်ကောင်စီရဲ့ မတ်လ ၃၁ရက်နေ့ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ဦး၊ ဒဏ်ရာရသူ ၃၉၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူ ၂၇၀ ကျော်ထိရှိလာနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ ငလျင်စတင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကစပြီး နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေနဲ့ တော်လှန်ရေးရဲဘော်တွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here