ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေက ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ နေရာတွေကို ပြန်လည်ထူထောင်ရေး နဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ အပစ်ရပ်မယ်လို့ ပြောဆိုပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲဖြစ်တဲ့ AA/ TNLA/ MNDAA တပ်တွေ အနေ နဲ့မြန်မာနိုင်ငံအတွင်း ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်း တွေ အမြန်ဆုံးထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် တစ်လတာ အပစ်ရပ်မယ်လို့ ကြေညာထားတာကို စစ်ခေါင်းဆောင်အနေ နဲ့ လက်မခံဘဲ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားပါတယ်။
အဲဒီနောက်မှာပဲ စစ်ကောင်စီဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ဒေသဖြစ်တဲ့ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ရွာကို စစ်ကောင်စီက ဒရုန်း နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးခဲ့ရတယ်လို့ TNLAက သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီဟာ ဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ ဧပြီလ (၁)ရက် ညနေ (၄း၂၀) နာရီ၀န်းကျင်မှာ သဲခေါ်ကျေးရွာမှာ ရှိနေတဲ့ စစ်ကောင်စီတပ်တွေ က ဆမ္မဆယ်ကျေးရွာကို ဒရုန်းနဲ့ တကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အတွင်းကို ကျရောက်ပေါက်ကွဲကာ ဒေသခံတစ်ဦး သေဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ (၃၁)ရက်နေ့ ကလည်း နောင်ချိုမြို့အတွင်းက ကျောက်ကြမ်းကျေးရွာကို လည်း ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာကို လုပ် ဆောင်ခဲ့တာလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် ပြင်းအား ၇.၇ရှိ တဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ (၂၈)ရက် နေ့ကလည်း နောင်လင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ နဲ့ ပေါင် (၂၅၀) ဗုံး (၂)လုံး လာရောက်ကြဲချခဲ့တာကြောင့် ဒေသခံနေအိမ် (၃)လုံးနဲ့စာ သင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးခဲ့သည်။
အဲဒီလိုပဲ ရခိုင်မှာလည်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က မြောက်ဦး မြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်တာ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံ တစ်ဦးသေဆုံးခဲ့ရသလို ကျောက်ဖြူမြို့နယ်၊ဇင်ချောင်းကုန်ဘွေကျေးရွာကို လည်း စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်လို့ ရဟန်းတစ် ပါးအပါအဝင် ၂ ဦးသေ ၇ ဦးဒဏ်ရာရရရှိခဲ့ရပါတယ်။
တစ်နိုင်ငံလုံအတိုင်းအတာ အနေ နဲ့ မြေငလျင်ဒဏ်ကြောင့် ပြည်သူအများစု ထိခိုက်သေဆုံးရပြီး စိတ်သောက ရောက်နေချိန်မှာ စစ်ရေးထက် ပြည်သူတွေ ရဲ့ အသက်တွေကို ကယ်တင်ပေးဖို့ကို ဦးစားပေးလုပ်ဆောင်ဖို့ နိုင်ငံတကာ နဲ့ လူမှုအဖွဲ့အစည်းတွေက တောင်းဆိုနေပေမယ့် စစ်ကောင်စီက အပစ်မရပ်ဘဲ ဆက်တိုက်ဆိုသလို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။