တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလို ငလျင်ဒဏ်သင့်ပြည်သူတွေ နဲ့ လူထုရဲ့ အခက်အခဲတွေကို စာနာထောက်ထားတဲ့ အနေ နဲ့ တဖက်သတ်အပစ်ရပ်ကြောင်းကို စစ်ကောင်စီက ထုတ်ပြန်ကြေညာတာရှိနေပေမယ့် စစ်ကောင်စီဟာ စစ်ရေးအတွက် စစ်အင်အားဖြည့်တင်းတာ၊လေကြောင်းတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ပြောဆိုလာပါတယ်။
ညီနောက်မဟာမိတ် ၃ ဖွဲ့ အပါအဝင် တော်လှန်ရေး လက်နက်ကိုင်တပ်တွေဟာ ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ အခက်အခဲတွေကို စာနာထောက်ထားတဲ့ အနေ နဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အတွက် တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ တာတွေကိုလုပ်ဆောင်သွားမယ်လို့ အသီးသီ ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။
အဲဒီနောက် စစ်ကောင်စီကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပမယ့် (BIMSTEC) ထိပ်သီးအစည်းအဝေးမတက်ရောက်ရသေးခင် ဧပြီးလ ၂ ရက်နေ့ ညမှာပဲ စစ်ကောင်စီ အနေ နဲ့လည်း ငလျင်ဒဏ်သင့် ပြည်သူတွေကို စာနာထောက်ထားတဲ့ အနေ နဲ့ ရက်ပေါင်း ၂၀ ကြာအပစ်ခတ်ရပ်စဲ သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီလိုကြေညာပြီးနောက်မှာပဲ စစ်ကောင်စီတပ်တွေ ဟာ ဒီနေ့ ဧပြီလ (၃)ရက် နေ့လယ် ၁၂ နာရီဝန်ကျင်းမှာပဲ စစ်ယာဉ်တန်း (၇)စီး နဲ့ အတူ အင်တော ကနေ ကျောက်ဂူ၊ တောင်ချေ၊ အမတ (၉၀၂) တပ်တွေကို စစ်အင်အားဖြည့်တင်းတာ တွေ ရှိနေခဲ့သလို သပိတ်ကျင်းမြို့နယ် နဲ့ (၇)မိုင် အကွာက နေရာတွေကိုလည်း လေကြောင်းကနေ တဆင့် ဂျက်ဖိုက်တာနဲ့ (၄)ကြိမ်တိုင်တိုင် ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်လာပါတယ်။
အလားတူပဲ အပစ်ရပ်စဲတယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည် ကျောက်ဖြူမြို့နယ် အတွင်းက ကုလာဘာ၊ လမ်းခွဲဇိုင်ချောင်း၊ သိုင်းချောင်းစတဲ့ကျေးရွာတွေကို ဂျက်ဖိုက်တာ နဲ့ လာရောက်ဗုံးကြဲတာ စစ်ကောင်စီက လက်ရှိအသုံးများနေတဲ့ Paramotor လို့ခေါ်တဲ့ စက်တပ်လေထီးတွေနဲ့ လာရောက်ဗုံးကြဲတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန်ချက် အပိုဒ် ၄ မှာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ တွေ နဲ့ အခြားလက်နက်ကိုင်အဖွဲ့များအစည်းတွေ အနေ နဲ့ အများပြည်သူအသုံးပြုသွားလာတာကို နှောင့်ယှက်တိုက် ခိုက်တာမလုပ်ဖို့၊ လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေကြတဲ့ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းတွေ၊ဌာနချုပ်တွေကို မတိုက်ခိုက်ဖို့ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမယ့် အင်အားစုဆောင်းတာ ပြင် ဆင်စုဖွဲ့တာ၊ နယ်မြေချဲ့ထွင်ခြင်းများကိုမလုပ်ဖို့ကို စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပေမယ့် လက်ရှိ အချိန်မှာ စစ်ကောင်စီဟာ သူထုတ်ပြန်ထားခဲ့တဲ့ ထုတ်ပြန်ချက်ကို သူကိုယ်တိုင်း လိုက်နာနိုင်ခြင်းမရှိဘဲ ထုတ်ပြန်ချက်ကို ချိုးဖောက်ကာ စစ်ရေးအတွက် လုပ်ဆောင်မှုတွေကို ဆက်တိုက်လုပ်ဆောင်မှု ရှိနေတာကိုလည်း မြင်တွေ နေရဆဲ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ KIO အနေ နဲ့တောင် စစ်ကောင်စီရဲ့ ယာယီအပစ်ရပ်စဲထားတဲ့ အချက်တွေကို တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ PDF တွေကသာ လိုက်နာတာမဟုတ်ပဲ သူထုန်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို သူကိုယ်တိုင် လိုက်နာကျင့်သုံးနိုင်ဖို့လည်း လိုအပ်သေးတယ်လို့ KIO အပစ်ရပ်စဲမှု ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းကာစစ်ကောင်စီကို သတိပေး ထုတ်ပြန်ထားခဲ့တာလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့သည့် မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံတဝန်းလုံးမှာ သေဆုံးသူဦးရေဟာ (၃၀၈၅)ဦးထိ ရှိလာနေသလို ဒဏ်ရာရသူဟာလည်း (၄၇၁၅)ဦးထိ ရှိလာနေပြီးတော့ ပျောက်ဆုံးနေသူဦးရေကတော့ (၃၄၁)ဦးအထိ ရှိလာနေတာလည်း ဖြစ်ပါတယ်။