ပဲခူးတိုင်းအတွင်းက စစ်ကောင်စီရဲ့ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီလ ၂ရက်နေ့မှာ သိမ်းပိုက်လိုက်ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်လာပါတယ်။
ညောင်ကျိုးဗျူဟာစခန်းကုန်းကို အာရက္ခတပ်တော်က မတ်လ ၁၇ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၆ရက်အကြာ၊ ဧပြီလ ၂ရက်နေ့မှာ စခန်းကို အလုံးစုံသိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်အနေနဲ့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်တိုက်ခိုက်ဖို့အခွင့်အရေးရှိခဲ့ပေမယ့်၊ တစ်ဖက်သတ်အပစ်ရပ်ခဲ့တာကြောင့် ဆက်လက်မတိုက်ခိုက်တော့ဘဲ ထိုးစစ်တွေကို ရပ်တန့်ခဲ့ပြီး မိမိတို့ရဲ့ ထုတ်ပြန်ချက်ကို လေးစားလိုက်နာကြောင်း ပြသခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အသေးစိတ်အခြေအနေတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာမတွေ့ရပါဘူး။
အာရက္ခတပ်တော်အပါအဝင် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့ဟာ ဧပြီလ ၁ရက်နေ့ကစတင်ပြီး ငလျင်ဒဏ်သင့်ပြည်သူ လူထုအတွက် တစ်လတာ တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
အလားအတူ စစ်ကောင်စီဘက်ကလည်း ဧပြီလ ၂ရက်နေ့မှာ တစ်ဖက်အပစ်ရပ်စဲကြောင်းထုတ်ပြန်ကြောညာခဲ့ပါတယ်။ ဒါပေမယ့် ဒီထုတ်ပြန်ချက်ကို စစ်ကောင်စီက လိုက်နာမှုမရှိဘဲ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ အခြားသောနေရာတွေက အာရက္ခတပ်တော်ရဲ့ စစ်ကြောင်းတွေကို နေ့တိုင်း တန်ပြန်ထိုးစစ်တွေ ဆင်နွှဲလျက်ရှိတယ်လို့ အာရက္ခတပ်တော်က အသိပေးထားပါတယ်။
စစ်ကောင်စီဟာ တစ်ဖက်သတ်အပစ်ရပ်စဲတဲ့ ဧပြီလ ၂ရက်နေ့နဲ့ ၎င်းနေ့ရက်တွေ မတိုင်မီရက်တွေမှာလည်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့ပတ်ဝန်းကျင်နေရာတွေက အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေကို လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနဲ့ စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ် တိုက်ခိုက်ခြင်းတွေကို ယနေ့ထိတိုင်ဆက်တိုက်ပြုလုပ်နေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၃ရက်၊ ၄ရက်နဲ့ ၅ရက်နေ့တွေမှာလည်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ရက္ခိုင်ရိုးမတောင်တန်းနေရာတွေကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း အာရက္ခတပ်တော်က အသိပေးထားပါတယ်။