ဧပြီလ ၂ ရက်နေ့ကပင် ရက်ပေါင်း ၂၀ ကြာအပစ်ရပ်ကြောင်းကြေညာထားတဲ့ စစ်ကောင်စီဟာ အဲဒီကြေညာတဲ့ နေ့ ကတည်းကပင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဂျက်ဖိုက်တာ ၊ဒရုန်း နဲ့တိုက်ခိုက်တာတွေ အပြင် အဆိပ်ငွေ့ဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်တာတွေကိုပါလုပ်ဆောင်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ထုတ်ပြန်ပြောဆိုလာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့မှာ စစ်ကောင်စီဟာ တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာကို အနီး နှစ်ဖက်တိုက်ပွဲ ဖြစ်နေတဲ့ နေရာကို အဆိပ်ငွေ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒီရက်ပိုင်းအတွင်းမှာစစ်ကောင်စီဟာ မိုးကုတ်မြိုအနောက်ပိုင်းနဲ့ နောင်ချိုမြိုနယ်အတွင်းက နောင်လင်ကျေးရွာ နဲ့ နမ့်ဆောင်ဟူးကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ မကြာမကြာရှိနေတဲ့ အတွက်ကြောင့်လည်း ပြည်သူလူထုနေအိမ် အများအပြားထိမှန်ပျက်စီးတာတွေ ရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။
အဲဒီလိုပဲ စစ်ကောင်စီဟာ ရခိုင်ပြည် အတွင်းမှာလည်း အာရက္ခတပ်တော် ထိန်းချုပ်နေရာတွေ နဲ့ လက်ရှိတိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေကို ဧပြီလ ၃ရက်၊ ၄ရက်နဲ့ ၅ရက်နေ့တွေမှာလည်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ရက္ခိုင်ရိုးမတောင်တန်းနေရာတွေကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာတွေ ရှိတယ်လို့လည်း အာရက္ခတပ်တော်ကထုတ်ပြန်ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လက်ရှိအချိန်ထိ ဧပြီလ (၅)ရက်အထိ မြန်မာနိုင်ငံတဝန်းတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ (၃၄၅၅)ဦး၊ ဒဏ်ရာရသူ (၄၈၄၀)ဦးနှင့် ပျောက်ဆုံးနေသူ (၂၂၀)ဦးအထိ ရှိခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။