Home သတင်း စစ်ရေး ကျောက်ဖြူကို ရခိုင်စစ်ကောင်စီဝန်ကြီးရောက်လာပြီးနောက် တိုက်ပွဲတွေ ပြင်းထန်နေ

ကျောက်ဖြူကို ရခိုင်စစ်ကောင်စီဝန်ကြီးရောက်လာပြီးနောက် တိုက်ပွဲတွေ ပြင်းထန်နေ

52
0
ဓာတ်ပုံ - ပုံဟောင်း။

ကျောက်ဖြူမြို့ကို ရခိုင်စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းရောက်ရှိလာခဲ့ပြီးနောက်မှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွါးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရခိုင်စစ်ကောင်စီဝန်ကြီးချုပ်ဖြစ်တဲ့ ဦးထိန်လင်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့မှာ ကျောက်ဖြူမြို့နယ်အတွင်းက တရုတ်စီမံကိန်း အခြေအနေများကို လေ့လာဖို့ သွားရောက်တာ ရှိခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းဌာနတွေက သတင်းထုန်ပြန်ပြောဆိုခဲ့ပါတယ်။

အဲဒီနောက်မှာပဲ ယာယီအပစ်ရပ်ဖို့ ထုတ်ပြန်ပြောဆိုထားတဲ့ အာရက္ခတပ်တော်ကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်လာနေတာ ဖြစ်တယ်လို့လည်း အာရက္ခတပ်တော် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“နှစ်ဖက် အပစ်ရပ်တာ မရပ်တာကိုတော့ ကျနော်တို့မသိဘူး ။စစ်ကောင်စီကတော့ နေ့တိုင်း ပစ်ခတ်တာတွေကိုတော့ လုပ်နေတယ်။အခုလည်း စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးတိုက်ခိုက်လို့ မနေ့ကတည်းကပင် တိုက်ပွဲတွေက အပြင်းအထန်ဖြစ်နေတယ်။စစ်ကောင်စီက ကြည်း၊ရေ၊လေ အပြင်းအထန်တိုက်ခိုက်နေတာကိုလုပ်နေတယ်”လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိတိုက်ပွဲ ဖြစ်ပွါးနေတဲ့ နေရာတွေကတော့ ကျောက်ဖြူမြို့ အခြေစိုက် အမှတ် (၃၂)ရဲတပ်ရင်း အနီး နဲ့ သစ်ပုတ်တောင်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီးက အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွါးလာနေခဲ့ရတာ ဖြစ်တယ်လို့လည်း ဒေသ သတင်းရင်းမြစ်ကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အပစ်ရပ် ကြေညာချက်မထုတ်ပြန်ခင်ရက်တွေမှာလည်း ကျောက်ဖြူမြို့ အနီး ဝန်းကျင်ကို လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်း နဲ့ စစ်သင်္ဘောများတွေဆီကနေ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို နေ့တိုင်းလုပ်ဆောင်ခဲ့တာတွေ ရှိခဲ့တယ်လို့လည်း အာရက္ခတပ်တော်ပ ပြောဆိုထားပါတယ်။

ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန်ချက် အပိုဒ် ၄ မှာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ တွေ၊တခြားလက်နက်ကိုင်အဖွဲ့များအစည်းတွေ အနေ နဲ့ အများပြည်သူအသုံးပြုသွားလာတာကို နှောင့်ယှက်တိုက် ခိုက်တာမလုပ်ဖို့၊ လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေကြတဲ့ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းတွေ၊ဌာနချုပ်တွေကို မတိုက်ခိုက်ဖို့ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမယ့် အင်အားစုဆောင်းတာ ပြင်ဆင်စုဖွဲ့တာ၊ နယ်မြေချဲ့ထွင်ခြင်းများကိုမလုပ်ဖို့ကို စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပေမယ့် လက်ရှိ အချိန်မှာ စစ်ကောင်စီဟာ သူထုတ်ပြန်ထားခဲ့တဲ့ ထုတ်ပြန်ချက်ကို သူကိုယ်တိုင်း လိုက်နာနိုင်ခြင်းမရှိဘဲ ထုတ်ပြန်ချက်ကို ချိုးဖောက်ပြီးတော့ နယ်မြေရလို စိတ် နဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို အပစ်ရပ်ကာလအတွင်းမှာ အပြင်းအထန်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ ရဲ့ အပစ်ရပ်ကြောင်းကြေညာတဲ့ နေ့ ဧပြီလ (၂) ရက်နေ့မှာပဲ စစ်ကောင်စီဟာ ရခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်းက သပြုတောင် ကျေးရွာ၊ ပြားတဲကျေးရွာ၊ ပြင်ရှည်ကျေးရွာအနီးပတ်ဝန်းကျင်တွေကိုလက်နက်ကြီး၊ ဒရုန်းတွေ နဲ့ အဓိက ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိခဲ့သလို စစ်ကောင်စီရဲ့ သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင် အမှတ် (၃၂) ရဲတပ်ရင်း၊ မြေပြင်စစ်ကြောင်းတွေက အဓိကတိုက်ခိုက်ခဲ့တာတွေကို လုပ်ဆောင်ခဲ့ပြီး ဧပြီလ (၂) ရက်တစ်ရက်တည်းမှာပဲ စစ်ကောင်စီဟာ ကျောက်ဖြူမြို့နယ်အတွင်းကို Drop Bomb အရေအတွက် (၉၀)ကျော် နဲ့တိုက်ခိုက်တာ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှု ၆၀ ကြိမ်ထက်မနည်းကို လုပ်ဆောင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

အဲဒီလိုပဲ ဧပြီလ (၃/၄/၅) ရက်နေ့တွေမှာလည်း စစ်ကောင်စီဟာ သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင်၊ အမှတ် (၃၂) ရဲတပ်ရင်း တွေ နဲ့ မြေပြင်စစ်ကြောင်းတွေ အပြင် စစ်သင်္ဘော၊ ဂျက်တိုက်လေယာဉ် တွေကိုပါ အသုံးပြုပြီးတော့ ကျောက်ဖြူမြို့နယ်အတွင်းက ကြတ်တိန် (ကြတ္တိန်)၊ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်၊ လိပ်ခမော်၊ ကုလားဘာ၊ ဟင်းခပ်ပြင်ကျေးရွာပတ်ဝန်းကျင်တွေကို လက်နက်ကြီး၊ ဒရော့ဗုံးများအပြင် ဂျက်တိုက်လေယာဉ်၊ စစ်သင်္ဘောကြီးတွေကလည်း Drop Bomb အကြိမ်အရေအတွက် (၆၀) ကျော် နဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအကြိမ်ရေ (၅၀) ကျော်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့လည်းဆိုထားပါတယ်။

အဲဒီလိုစစ်ကောင်စီက နေ့တိုင်းတန်ပြန်ထိုးစစ်တွေ ဆင်နွှဲနေတာ ရှိနေပေမယ့် အာရက္ခတပ်တော် အနေ နဲ့ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ကို ထုတ်ပြန်ကြေညာပြီးနောက်ပိုင်မှာ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုတွေကို ပြန်လည်ခုခံတိုက်ခိုက်တာတွေ မလုပ်ဆောင်တော့ဘဲ အာရက္ခတပ်တော် အနေ နဲ့ မိမိတို့ရဲ့ တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရ၊ အသက်စွန့်လွှတ်ခဲ့ရတဲ့ အနေအထားရှိတဲ့ အထိ ထုတ်ပြန်ချက်ကို မချိုးဖောက်ဘဲတိကျစွာ လိုက်နာဆောင်ရွက်ပြီး နေထိုင်ခဲ့တာတွေကို အတတ်နိုင်ဆုံး လုပ်ဆောင်ထားတယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ပြောဆိုထားပါတယ်။

ဓာတ်ပုံ – ပုံဟောင်း။

LEAVE A REPLY

Please enter your comment!
Please enter your name here