Home သတင်း စစ်ရေး အပစ်ရပ်ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီပြောဆို

အပစ်ရပ်ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီပြောဆို

53
0

ငလျင်ဘေးသင့်ပြည်သူလူထုအတွက် လူသားချင်းစာနာတဲ့အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား အပစ်ရပ်ထားတဲ့ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ KIA, TNLA, KNDFနဲ့ AAတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၇ရက်မှာ ပြောဆိုလိုက်ပါတယ်။

မတ်လ ၂၈ နေ့တုန်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်ငလျင်လှုပ်ခတ်မှုဖြစ်စဉ်အပြီးမှာ စစ်ကောင်စီအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက ယာယီအပစ်ရပ်ကြောင်း အသီးသီးထုတ်ပြန်လာကြတာလည်းဖြစ်ပါတယ်။

မနေ့ ဧပြီလ ၆ရက်နေ့တုန်းက ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ဟာ ဗန်းမော်မှာရှိတဲ့ စစ်ကောင်စီရဲ့ဌာနချုပ်တွေကို ၈၂မမ စိန်ပြောင်းနဲ့ ပစ်ခတ်မှုတွေပြုလုပ်တာ တွေ့ခဲ့ရတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။တအာင်းတပ်(TNLA)ကလည်း ဧပြီလ ၆ရက် နေ့လည်ပိုင်းလောက်မှာ တောင်ခမ်းဒေသအတွင်း စစ်ကောင်စီနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့လည်း အသိပေးထားတယ်။ အဲ့ဒီ ထိတွေ့မှုဖြစ်စဉ်နဲ့ပတ် သက်ပြီး အသေးစိတ်အခြေအနေတွေကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားတာမရှိပေမယ့်၊ ဒေသတွင်းသတင်းတွေရဲ့ဖော်ပြချက်တွေအရ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ မှာ TNLAနဲ့ တိုက်ပွဲဖြစ်ပွားတာဖြစ်သလို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲမှုတွေကိုပါပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဧပြီလ ၆ရက်၊ မနက်ပိုင်းမှာလည်း ကရင်နီပြည်နယ်၊ ဘောလခဲမှာရှိတဲ့ ဘောလခဲသစ်တောရုံးအနီးက စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုပဲ အာရက္ခတပ်တော်(AA)ကလည်း ဂွမြို့နဲ့ ကျောက်ဖြူမြို့က စစ်ရေယာဉ် တစ်စီးနဲ့ စခန်းတွေကို ပစ်ခတ်ခဲ့သေးတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

အာရက္ခတပ်တော် ကတော့ ပြီးခဲ့တဲ့ ဧပြီလ (၅) ရက်နေ့မှာ စစ်ကောင်စီဟာ ပစ်ရပ်စဲတဲ့ ဧပြီလ ၂ရက်နေ့ နဲ့ အဲဒီနေ့ရက်တွေ မတိုင်မီရက်တွေမှာလည်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့ပတ်ဝန်းကျင်နေရာတွေက အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေကို လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနဲ့ စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ် တိုက်ခိုက်ခြင်းတွေကို ဒီနေ့ထိတိုင်ဆက်တိုက်ပြုလုပ်နေခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

အဲဒီလိုပဲ စစ်ကောင်စီဟာ ဧပြီလ ၅ ရက်နေ့မှာ တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာကို အနီး နှစ်ဖက်တိုက်ပွဲ ဖြစ်နေတဲ့ နေရာကို အဆိပ်ငွေ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ပြောဆိုတာရှိခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here