Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု တစ်ပတ်အတွင်း ရခိုင်အပါဝင် ငလျင်ဒဏ်သင့် နေရာကိုပါ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့လို့ အရပ်သား ၇၀ ကျော်သေဆုံးခဲ့ရ

တစ်ပတ်အတွင်း ရခိုင်အပါဝင် ငလျင်ဒဏ်သင့် နေရာကိုပါ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့လို့ အရပ်သား ၇၀ ကျော်သေဆုံးခဲ့ရ

61
0

CNA ၊ မြတ်သူ။

၇.၇ ပြင်းအားရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တဲ့ပြီးနောက်ပိုင်း တပတ်အတွင်းမှာ ရခိုင် နဲ့ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ နေရာအပါအဝင်နေရာတော်တော်များများကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာ နဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇၀ ကျော်သေဆုံးခဲ့ရတယ်လို့ NUG က ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ဘေးဒဏ်ကို ကြုံတွေ့နေရပြီးနောက်ပိုင်း တပတ်အတွင်းမှာ စစ်ကောင်စီက လေကြောင်း ၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်မှု (၉၂)ကြိမ်ထိလုပ်ဆောင်ခဲ့တာ ရှိခဲ့တာကြောင့် အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦး၊ အမျိုးသမီး (၃၀)ဦးအပါအဝင် အရပ်သားပြည်သူ (၇၂) ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီကဟာ ရခိုင်က ကျောက်ဖြူ၊မြောက်ဦး၊တောင်ကုတ်၊စစ်တွေ ကို လေကြောင်းတိုက်ခိုက်ခဲ့တာ ၈ ကြိမ်ရှိခဲ့ပြီးတော့ သေဆုံးသူ ၁ ဦး နဲ့ ဒဏ်ရာရသူ ၃ ဦးရှိခဲ့သလို့ လက်နက်ကြီး နဲ့ ၃ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရတဲ့ ကျောက်ဖြူ၊စစ်တွေ နဲ့ ပုဏ္ဏားကျွန်းမြို့တွေမှာလည်း သေဆုံးသူ အရပ်သား ၂ ဦး နဲ့ ဒဏ်ရာရသူ ၇ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလိုပဲ စစ်ကောင်စီဟာ ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းကို လေကြောင်းတိုက်ခိုက်တာ ၁၄ ကြိမ် လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်တာ ၄ ကြိမ်လုပ်ဆောင်တာရှိခဲ့သလို မန္တလေး တိုင်းအတွင်းမှာလည်း လေကြောင်းတိုက်ခိုက်တာ ၁၀ ကြိမ် လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်တာ ၈ ကြိမ်ကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာတော့ အရပ်သား ၆ ဦးသေဆုံးခဲ့ရပြီးတော့ ဒဏ်ရာရသူ ၇ ဦးရှိခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူ ၈ ဦးရှိခဲ့ရတယ်လို့ ဆိုပါတယ်။အဲဒီလိုပဲ ငလျင်ဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရတဲ့ မန္တလေးတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၂ ဦး နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ၅ ဦးဟာလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ကချင်ပြည်ကိုလေကြောင်းတိုက်ခိုက်တာ ၅ ကြိမ် ၊ ချင်းပြည်ကို လေကြောင်းတိုက်ခိုက်တာ ၄ ကြိမ် ၊ မကွေးတိုင်းကို လေကြောင်းတိုက်ခိုက်တာ ၃ ကြိမ်၊ဧရာဝတီတိုင်းကို လေကြောင်းတိုက်ခိုက်တာ ၂ ကြိမ် ၊ကရင်ပြည်ကို လေကြောင်းတိုက်ခိုက်တာ ၂ ကြိမ်၊ ပဲခူးတိုင်းကို လေကြောင်းတိုက်ခိုက်တာ ၃ ကြိမ်၊ ကရင်နီကို လေကြောင်းတိုက်ခိုက်တာ ၃ ကြိမ် နဲ့ ရှမ်းပြည်ကို လေကြောင်း တိုက်ခိုက်တာ ၈ ကြိမ် လုပ်ဆောင်ခဲ့တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်ပြည်အတွင်းမှာတော့ ထိခိုက်သေဆုံးသူ ၃၈ ဦး နဲ့ ဒဏ်ရာရသူ ၂၉ ဦး၊ မကွေးတိုင်းထဲမှာတော့ သေဆုံးသူ ၂ ဦး နဲ့ ထိခိုက်ဒဏ်ရာရသူ ၇ ဦး၊ ဧရာဝတီတိုင်း အတွင်းမှာလည်း သေဆုံးသူ ၃ ဦး နဲ့ ထိခိုက်ဒဏ်ရာ ရသူ ၁ ဦး၊ကရင်ပြည်အတွင်းမှာ သေဆုံးသူ ၂ ဦး ထိခိုက်ဒဏ်ရာရသူ ၃ ဦး၊ကရင်နီ မှာတော့ သေဆုံးသူ ၆ ဦး ထိခိုက်ဒဏ်ရာရသူ ၃ ဦး ၊ရှမ်းပြည်ထဲမှာ သေဆုံးသူ ၇ ဦး ထိခိုက်ဒဏ်ရာရသူ၅ ဦး၊စစ်ကိုင်တိုင်းမှာတော့ သေဆုံးသူ ၆ ဦး ထိခိုက်ဒဏ်ရာ ရသူ ၇ ဦး ရှိခဲ့ပြီးတော့ ချင်း နဲ့ ပဲခူးတိုင်းတွေ ထဲမှာတော့ ထိခိုက်ဒဏ်ရာရသူ နဲ့ သေဆုံးသူ ရှိမရှိဆိုတာ ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီလိုပဲ စစ်ကောင်စီဟာ​ ကချင်ပြည်မှာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာ ၁ကြိမ်၊မကွေးတိုင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ ၅ ကြိမ်၊ပဲခူးတိုင်းကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်တာ ၅ ကြိမ်၊မွန်ပြည် ထဲမှာလက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာ ၁ကြိမ်၊ရှမ်းပြည်ထဲမှာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာ ၁ကြိမ်၊ ကရင်နီထဲမှာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာ ၁ကြိမ် နဲ့ ကရင်ပြည် ထဲမှာလည်း လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်တာ ၁ ကြိမ်ကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်မကွေးတိုင်းထဲမှာ သေဆုံးသူ ၁ ဦးထိခိုက်ဒဏ်ရာရသူ ၄ ဦး၊ပဲခူးတိုင်းထဲမှာ ထိခိုက်ဒဏ်ရာရသူ ၆ ဦး၊မွန်ပြည်ထဲမှာ ထိခိုက်ဒဏ်ရာရသူ ၁ ဦး၊ကရင်ပြည်ထဲမှာကသေဆုံးသူ ၁ ဦး၊ကရင်နီမှာ သေဆုံးသူ ၁ ဦး နဲ့ ကျန်ရှိနေသေးတဲ့ ရှမ်းပြည်ထဲမှာတော့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ နဲ့ ဒဏ်ရာရသူ ရှိမရှိ ဆိုတာကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိကောက်ယူ ထားတဲ့ စာရင်းတွေဟာ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက အတည်ပြု ရရှိထားတဲ့ စာရင်းတွေ ဖြစ်ပြီးတော့ မြေပြင်မှာ ဒီထက်များပြားတဲ့ အရေအတွက်တွေလည်း ရှိနိုင်သေးသလို NUG အနေ နဲ့ ဆက်လက်ကောက်ယူလို့ ရရှိတဲ့ သတင်းအချက်အလက်တွေကိုလည်းထပ်မံထည့်သွင်းဖော်ပြသွားဖို့ ရှိတယ်လို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှာ ငလျင်ဘေးသင့်ပြည်သူတွေကို စာနာထောက်ထားတဲ့ အနေ နဲ့ တဖက်သတ် အပစ်ရပ်မယ်လို့ ထုတ်ပြန် ပြောဆိုခဲ့ပြီးနောက်ပိုင်းမှာ အခုလို လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာကို ဆက်တိုက်လုပ်ဆောင်နေတဲ့ အတွက် နိုင်ငံတဝန်း ငလျင်ဘေးဒဏ်ကြောင့် သေဆုံး ဒဏ်ရာရတာတွေ အပြင် လေကြောင်း လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်နေတာတွေကြောင့်လည်း အပြစ်မဲ့ ပြည်သူတွေ သေဆုံးဒဏ်ရာရနေကြရတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here