၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိတဲ့အထိ စည်းလုံးညီညွတ်သွားမယ်လို့ တအာင်းတပ်(TNLA)နဲ့ ကိုးကန့်တပ်(MNDAA)တို့က ထုတ်ပြန်လာပါတယ်။
ဒီကနေ့ ဧပြီလ ၁၀ရက်နေ့မှာကျရောက်တဲ့ အာရက္ခတပ်တော်(AA)ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၁၆)နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကိုပေးပို့တဲ့ TNLAနဲ့ MNDAAတို့ရဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ယခုလိုဖော်ပြထားတာလည်းဖြစ်ပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က ကမကထပြုပြီး အခြားမဟာမိတ်တပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ အကောင်အထည်ဖော်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာပြည် လက်နက်ကိုင်တော်လှန်ရေးရဲ့ အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံးအစပြု စစ်ဆင်ရေးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးဟာ တော်လှန်ပြည်သူတွေအားလုံးရဲ့ ထောက်ခံမှုနဲ့အတူ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မယ့် ခြေလှမ်းတွေဖြစ်တယ်လို့လည်း TNLAနဲ့ MNDAAက အသိပေးထားပါတယ်။
ဒါကြောင့် ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံနဲ့ စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး၊ ၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိတဲ့အထိ ခိုင်မာတဲ့ညီနောင်မဟာမိတ်စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်ကြမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အာရက္ခတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေဟာ ရက္ခိုင်သားတွေရဲ့ လက်ထဲကို မကြာမီအချိန်အတွင်းမှာ မုချမသွေရောက်ရှိတော့မယ်လို့လည်း TNLAနဲ့ MNDAAက အသိပေးထားပါတယ်။
ရက္ခိုင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အာရက္ခအိပ်မက် လုပ်ငန်းစဉ်ကြီးကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အာရက္ခတပ်တော် (AA)ကိုဖွဲ့စည်းတည်ထောင်လာခဲ့တာဟာ ဒီကနေ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့မှာ (၁၆) နှစ် ပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။
အမျိုးသားလွတ်မြောက်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးရှည်ကြီးမှာ မရပ်မနားကြိုးပမ်း အကောင်အထည်ဖော်ကြတဲ့ အာရက္ခအာဇာနည်ရဲဘော်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ နည်းလမ်းပေါင်းစုံ ပေးဆပ်ပါဝင်ခဲ့ကြတဲ့ ရက္ခိုင်လူမျိုးအားလုံးကို အထူးလေးစားဂုဏ်ယူတယ်လို့လည်း TNLAနဲ့ MNDAAရဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အလားတူ အာရက္ခတပ်တော်(AA)ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၁၆)နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်နေ့အတွက် ပြည်သူ့ညီညွတ်ရေးတပ်ဦး(PUF)နဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF)တို့ကလည်း အာရက္ခပြည်သစ်ထူထောင်ရေး ခရီးလမ်းအောင်မြင်ဖို့ ဆုမွန်ကောင်းတောင်းပေးထားကြပါသေးတယ်။