CNA၊ မြတ်သူ။
ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်တာတွေရှိနေတာကြောင့် နေ့စဥ် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသသတင်းရင်း မြစ်တွေကပြောပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့ နေရာကတော့ ပြည်ရှည်ကျေးရွာအနီး နဲ့ အမှတ် ၃၂ ရဲတပ်ရင်း အနီးဝန်ကျင်က နေရာတွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကပင် စတင်ပြီးတော့ ကျောက်ဖြူမြို့နယ်အတွင်းက အာရက္ခတပ်တော်ထိန်းချုပ်နေရာတွေကို နေဗီကလက်နက်ကြီးနဲပစ်တာ၊ဒရုန်းဗုံးကြဲတာ၊လေကြောင်းဗုံးကြဲတာတွေ အပြင် စက်တပ်လေထီးလို့ခေါ်တဲ့ Paramotor နဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ကျောက်ဖြူမြို့ ဒေသ သတင်းရင်းမြစ်ကပြောပါတယ်။
“အဓိကတော့ အာရက္ခတပ်တော်ကလည်း ဒီငလျင်ဖြစ်တော့ အပစ်ရပ်မယ်ဆိုပြီကြေညာတော့ ထိုးစစ်ကိုရောက်တဲ့နေရာမှာ ရပ်လိုက်တာ အဲဒီကြားထဲမှာ တစ်ပတ်လောက်က စစ်ကောင်စီက လက်နက်ကြီး ပစ်နေတာရှိတယ်။ ဒီပြီးခဲ့တဲ့ ၁၀ ရက်နေ့ကစပြီးတော့ စစ်ကောင်စီက စက်တပ်လေထီး၊ဒရုန်း ၊နေဗီတွေကအစ လက်နက်ကြီးတွေပစ်ကူပေးတာ ဂျက်ဖိုက်တာတွေ နဲ့ ဗုံးကြဲတာကိုလုပ်တယ်။ အဓိကတော့တပ်တော်သိမ်းထားတဲ့ နေရာတွေကို ပြန်ရလိုစိတ် နဲ့ အပြင်း အထန်ထိုးစစ်ဆင်တာဖြစ်တယ်။အခု နေ့တိုင်းတိုက်ပွဲတွေ ဖြစ်နေတယ်လို့”ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အခုလို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အတွက် အဲဒီတိုက်ပွဲဖြစ်နေတဲ့ ကျေးရွာ အနီးဝန်းကျင်က ကျေးရွာတွေက ကြည်သူနေအိမ်တွေ ဟာ လက်နက်ကြီး၊ဗုံး ကျရောက်ပေါက်ကွဲတာတွေကြောင့် နေအိမ်တွေ လည်း မီးလောက်ပျက်စီးတာတွေလည်း ရှိနေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကပင် ၂၂ ရက်နေ့ထိ ရက်ပေါင်း ၂၀ ကြာတစ်ဖက်သတ်အပစ်ရပ်တယ်လို့ ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီဟာ ရခိုင်က အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေကို ဆက်တိုက်ဆိုသလို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ စစ်ကောင်စီဟာ တိုက်ပွဲ တစ်စုံတရာမရှိတဲ့ ကျောက်တော်မြို့နယ်အတွင်းက ရပ်ကွက် ၂ ခုကို လေကြောင်းကနေတဆင့် ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရသလို နေအိမ် ၁၀ ကျော်ထက်မနည်းဟာလည်း ထိခိုက်ပျက်စီးခဲ့ရတာရှိခဲ့ပါတယ်။