CNA ၊ မြတ်သူ။
ရခိုင်ပြည် ၊ မင်းပြားမြို့နယ် ၊ နဂရာအုပ်စု ညောင်ပင်ဝိုင်းကျေးရွာ မှာ ဒေသခံပြည်သူတွေရဲ့ မြေပဲစိုက်ခင်းကို မင်းပြားနယ်မြေမှူး ဦးညီပုက ဦးဆောင်ကာ ပိုင်ရှင်တွေ ရဲ့ ခွင့်ပြုချက်ကို မတောင်းခံပဲ စိုက်ခင်းအတွင်းက မြေပဲတွေကိုနှုတ်ယူခဲ့တဲ့ အတွက် ဒေသခံစိုက်ခင်းပိုင်ရှင်တွေ နဲ့ နယ်မြေမှူး ဦးညီပုတို့ စကားများတာတွေ ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွါးခဲ့တာ ဖြစ်ပြီးတော့ အဲဒီစိုက်ခင်းတွေဟာ နဂရာအုပ်စု ညောင်ပင်ဝိုင်းကျေးရွာမြေပဲစိုက်တောင်သူ ၃၀ ခန့်ရဲ့ မြေပဲခင်းတွေကို နယ်မြေမှူးကိုယ်တိုင်ဦးဆောင်ကာ အငှားသမားတွေ နဲ့ မြေပဲတွေကို နှုတ်သိမ်းခဲ့တာ ဖြစ်တယ်လို့ ဒီအခြေအနေတွေကို အသေးစိတ်သိရှိသူ မင်းပြားဒေသခံ တစ်ဦးက ပြောပါတယ်။
“ဖြစ်စဉ်ကတော့ ချောင်းနံဘေးမှာနေတဲ့ အိမ်တွေရဲ့ ခြံတွေက ရေတိုက်စားမှုတွေကြောင့် ကမ်းပါးပြိုကျတာတွေရှိတယ် ။အဲဒီလို ကမ်းပါးပြိုလာတဲ့ အခါမှာ နောက်တစ်နေရာမှာ ကျွန်းပုံစံမျိုးတွေ ပေါ်လာတယ်။အဲဒီမှာ ချမ်းကမ်းဘေးမှာ ရှိတဲ့ဒေသခံတွေက အဲဒီမြေတွေမှာ ကိုယ့်အပိုင်ကိုယ့်အပိုင်ခွဲပြီးတော့ မြေပဲစိုက်တာ တခြားသီးနှံစိုက်တာတွေကို လုပ်စားကြပါတယ်။သူတို့တွေ လုပ်စားလာတာကလည်း နှစ်ပေါင်းဆယ်ချီနေပြီ။အခုရွာမှာက အဲဒီနေရာတွေကို တခြားသူတွေက လိုချင်လာတဲ့ အခါမှာ အေအေ ရဲ့နယ်မြေမှူးတွေကို သွားတိုင်တယ်။အဲဒီအခါ အေအေကလည်း မလုပ်စားရဘာညာပြောတာမရှိခဲ့ဘူး အခုမှ မြေပဲ ဉတဲ့ အချိန်ကျမှ နယ်မြေမှူးက အဲဒီမြေပဲခင်းကို အလုပ်သမားတွေ ခေါ်ပြီးတော့ နှုတ်သိမ်းတာတွေ လုပ်လို့ ဒေသခံတွေနဲ့ စကားများကြတာ ဖြစ်တယ်”လို့ အဲဒီဒေသခံကဆိုပါတယ်။
လက်ရှိပြသနာ ဖြစ်ပွါးခဲ့တဲ့ နဂရာအုပ်စု ညောင်ပင်ဝိုင်းကျေးရွာ မှာ အိမ်ခြေ ၈၀ ခန့် ရှိပြီးတော့ လက်ရှိ အဲဒီမြေပဲစိုက်ခင်းတွေကို ပိုင်ရှင်တွေ အနေ နဲ့လည်း နှုတ်ယူတာ မလုပ်ရဘူးလို့ မင်းပြားနယ်မြေမှူး ဦးညီပုက တားမြစ်ထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိအွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ ရုပ်သံဖိုင်အရ မင်းပြား နယ်မြေမှူး ဦးညီပု နဲ့ အာရက္ခတပ်တော် ရဲ့ ရဲဘော်တချို့ဟာ အဲဒီစိုက်ခင်းအတွင်းမှာ မြေပဲတွေကို နှုတ်ကာ ပုံထားတာတွေကို တွေ့ရသလို သူတို့ အနေ နဲ့ လက်ရှိလုပ်ကိုင်နေတဲ့ မြေပဲနှုတ်ယူမှုကို ရပ်တန့်သွားမှာ ဖြစ်ပြီးတော့ ဒီကိစ္စဟာ သူ့အနေ နဲ့ လုပ်ဆောင်တာ မဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်စကားမျိုးတွေကို ပြောဆိုထားတာကိုလည်းတွေ့ရပါတယ်။
ဒါ့အပြင် ဒေသခံတွေကလည်း အာရက္ခတပ်တော် အနေ နဲ့ လိုအပ်ချက်ရှိတယ်ဆိုခဲ့ရင် ပြည်သူတွေ အနေ နဲ့ လှူဒါန်းမှုတွေလုပ်ဆောင်သွားမယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိသလို အခုလို ဉပဒေအရ ဆိုတဲ့ စကား နဲ့ ရာထူးအာဏာပြကာ အတင်းလုယူတာဟာ မင်းအောင်လှိုင်စစ်တပ်ထက် ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဒေသခံ အမျိုးသားတစ်ဦးက နယ်မြေမှူးကို ပြောဆိုထားတာတွေ့ရမယ့်။
ဒါ့အပြင် အာဏာကို အခွင့်ထူးခံ အဖြစ်အသုံးချကာပြည်သူတွေကို နှိပ်စက်တာမျိုးတွေ မလုပ်ဖို့ကိုလည်း ပြောဆိုထားမှုတွေကိုလည်း အဲဒီရုပ်သံဖိုင် ထဲမှာဒေသခံတွေက ပြောဆိုထားပါတယ်။
လက်ရှိ ဒီဖြစ်စဉ် နဲ့ ပတ်သက်ပြီးတော့ အာရက္ခတပ်တော် အနေ နဲ့ ဘယ်လိုစီမံဆောင်ရွက်မှုတွေလုပ်ဆောင်နေတယ်ဆိုတာကိုတော့ CNA အနေ နဲ့ အာရက္ခတပ်တော်ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။