စစ်ကောင်စီဟာ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ဆိုတဲ့ အကြောင်းပြချက် ဧပြီလ ၂ ရက်နေ့ ကနေ ၂၂ ရက်နေ့အထိ အပစ်ရပ်ကြောင်းကြေညာထားတဲ့ စစ်ကောင်စီဟာ ရက်ပေါင်း ၂၀ အတွင်းမှာ ရခိုင်ကို ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၄၀၉ ကြိမ်ထိလုပ်ဆောင်ခဲ့တယ်လို့ အာရက္ခတပ်တော်ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုပါတယ်။
စစ်ကောင်စီဟာအဲဒီလို ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၄၀၉ ကြိမ်ကို ရခိုင်က ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေ နဲ့ ပေါက်တောမြို့တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်းဆိုထားပါတယ်။
အဲဒီလို တိုက်ခိုက်တဲ့ နေရာမှာ စစ်ကောင်စီဟာ တိုက်လေယာဉ်တွေ နဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်တာ၊ ဒရုန်းတွေ နဲ့ တိုက်ခိုက်မှုလုပ်တာ၊စက်တပ်လေထီးတွေ နဲ့ တိုက်ခိုက်မှုလုပ်တာ ၊ရေတပ်သင်္ဘောတွေက ပစ်ခတ်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်းဦးခိုင်သုခက ဆိုထားပါတယ်။
အဲဒီလို စစ်ကောင်စီက တိုက်ခိုက်ခဲ့တဲ့ အတွက် အရပ်သား ၁ ဦး သေဆုံးခဲ့ရပြီး၊ ၂၈ ဦးဟာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။အဲဒီလို ဒဏ်ရာရတဲ့ သူ ၂၈ ဦးထဲက ၅ ဦးမှာ အသက် ၅ ကနေ ၁၄ နှစ်အကြားရှိ ကလေးတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နေအိမ် ၂၁ လုံး၊ ဆိုင် ၂ ဆိုင် နဲ့ ဘာသာရေးအဆောက်အဦး ၁ လုံးအပါအဝင် အဆောက်အဦးတွေဟာလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ စစ်ကောင်စီ အနေ နဲ့ အပစ်ရပ်ထုတ်ပြန်ထားပြီး အခုလိုတိုက်ခိုက်မှုလုပ်ဆောင်တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့လည်း ဦးခိုင်သုခက ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းလိုနေရာတွေကိုပါ လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာရှိခဲ့ပြီးတော့ လက်ရှိမှာလည်း စစ်ကောင်စီ အနေ နဲ့ ဧပြီ ၂၃ ရက်ကနေ ၃၀ ရက်နေ့ထိ အပစ်ရပ်မယ်လို့ ထပ်မံ ထုတ်ပြန်ပြောဆိုထားပါသေးတယ်။