CNA၊ မြတ်သူ။
ကျောက်ဖြူမြို့နယ်အတွင်းက ရေနံတောင်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က နေ့လယ် က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရေနံတောင်ကျေးရွာအတွင်းကို ဒရုန်းနဲ့ဗုံးကြဲ တိုက် ခိုက်တာ ၃ ကြိမ်တိုင်တိုင်လုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ ဒေါ်မယဥ်နု မှာသေဆုံးခဲ့ရပြီး ဦးစံလှဆိုသူမှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ တစ်ဦးကပြောပါတယ်။
“ဗုံးသီးက ဦးစံလှ ဆိုသူရဲ့နေအိမ်နားကိုတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။နောက်၂ လုံးကတော့ ဒေါ်မယဥ်နု နေတဲ့ အိမ်အနားမှာ ပေါက်ကွဲခဲ့တယ် စစ်ဘေးရှောင်ဖို့ရောက်နေတာ ဒီကတော့မဟုတ်ဘူး။သေသွားတဲ့ အမျိုးသမီးက အသက် ၆၀ လောက်တော့ရှိနေပြီ အဲဒီအမျိုးသမီးက ကုလာဘာကျေးရွာ ကစစ်ဘေးရှောင်ဖို့ရောက်နေတာဖြစ်တယ်”လို့ သူကပြောပါတယ်။
သေဆုံးသူ ဒေါ်မယဥ်နုမှာ ဆေးကုသဖို့ အသွားလမ်းမှာသေဆုံးခဲ့ရတာ ဖြစ်ပြီးတော့ ဦးစံလှမှာတော့ ဆေးဝါးကုသမှုတွေ ခံယူနေရတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် ဦးစံလှနေအိမ်အပါအဝင် နေအိမ် ၆ ဆောင်ထက်မနည်းဟာလည်း ပျက်စီးသွားခဲ့ရတယ်လို့ လည်းပြောပါတယ်။
စစ်ကောင်စီဟာ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အတွက် ဧပြီလ ၂ ရက်နေ့ကပင် ယာယီအပစ်ရပ်တယ်လို့ ကြေညာခဲ့ပေမယ် ရခိုင်က ကျောက်ဖြူမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ လေကြောင်းတိုက်ခိုက်တာ၊ဒရုန်းတိုက်ခိုက်တာတွေ အပြင်၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာ နဲ့ စစ်ကြောင်းထိုးဝင်ရောက်တာတွေကိုလုပ်ဆောင်တာတွေကို နေ့စဉ်လုပ်ဆောင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“အပစ်ရပ်တာ အပစ်ရပ်တာ သပ်သပ်ပါ။ဒီမှာက စစ်ကောင်စီက ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေတာ၊နေ့တိုင်းက တိုက်ပွဲတွေ ဖြစ်နေတာရှိတယ်။အဓိကတော့ စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လို့ဖြစ်တာ တိုက်ပွဲတွေကတော့”လို့ သူကပြောပါတယ်။
အာရက္ခတပ်တော် ပြေခွင့်ရ ဦးခိုင်သုခ ကတော့ စစ်ကောင်စီဟာ အပစ်ရပ်ကာလ ရက် ၂၀ အတွင်းမှာ ရခိုင်က ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေ နဲ့ ပေါက်တောမြို့တွေကို ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၄၀၉ ကြိမ်လုပ်ဆောင်ခဲ့တာ ရှိပြီးတော့ ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ရပြီး၊ ၂၈ ဦးဟာလည်း ဒဏ်ရာရရှိခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။အဲဒါတွေ အပြင် နေအိမ် ၂၁ လုံး၊ ဆိုင် ၂ ဆိုင် နဲ့ ဘာသာရေးအဆောက်အဦး ၁ လုံးအပါအဝင် အဆောက်အဦးအများအပြားလည်းထိခိုက်ပျက်စီးတာရှိခဲ့တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီ အနေ နဲ့ အပစ်ရပ်ထုတ်ပြန်ထားပြီး အခုလိုတိုက်ခိုက်မှုလုပ်ဆောင်တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့လည်း ဦးခိုင်သုခက ပြောဆိုထားပါတယ်။