Home သတင်း စစ်ရေး ပဲခူးတိုင်း အတွင်းက အိမ်လေးစုစခန်းကို အာရက္ခတပ်တော်က အင်အား ၁၅၀၀ လောက်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆို

ပဲခူးတိုင်း အတွင်းက အိမ်လေးစုစခန်းကို အာရက္ခတပ်တော်က အင်အား ၁၅၀၀ လောက်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆို

18
0

ပဲခူးတိုင်း နဲ့ ရခိုင်အစပ် ပန်းတောင်း – တောင်ကုတ်လမ်းအပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အိမ်လေးစုတပ်စခန်းကို အာရက္ခတပ်တော်က အင်အား ၁၅၀၀ နဲ့ ဝင်ရောက်တိုက်ခိုက်ကာ သိမ်းပိုက်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ဆီမှာ လက်နက်ချ အလင်းဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် မင်းခန့်က ပြောဆိုထားပါတယ်။

အဲဒီလို စစ်ကောင်စီတပ်သား မင်းခန့် ပြောဆိုမှု ရုပ်သံကို ကျောင်းသားလက်ရုံးတပ်တော်(SAF)က ဧပြီလ ၂၄ ရက်နေ့ညမှာ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ပဲခူးတိုင်း နဲ့ ရခိုင်အစပ် ပန်းတောင်း – တောင်ကုတ်လမ်းအပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အိမ်လေးစုတပ်စခန်းကို အာရက္ခတပ်တော်ရဲ့တပ်ဖွဲ့င်တွေဟာ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ အတွင်းမှာ အင်အားအလုံးအရင် နဲ့ ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီအချိန်မှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တွေဟာလည်း အိမ်လေးစုတပ်စခန်းရဲ့ အနီးတဝိုက်မှာ ရှိတဲ့ ၃၆၂ မှာလည်း တိုက်ပွဲတွေ ဖြစ်ပွါးနေတာ ရှိပြီးတော့ အိမ်လေးစုတပ်စခန်းကိုပါ အာရက္ခတပ်တော်က အင်အား ၁၅၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုအင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အိမ်လေးစုတပ်စခန်းမှာ ရှိတဲ့ စစ်ကောင်စီတပ်သား ၅၀ ကျော်လောက်ဟာ မခုခံနိုင်တော့အတွက် အဲဒီစခန်းကို စွန့်ခွါပြီးတော့ ပုဂံကွဲစခန်းကို တပ်ဆုတ်ထွက်ခွါလာရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။အဲဒီလို တပ်ဆုတ်ထွက်ခွါလာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း အင်အားဟာ ၅၀ လောက်ရှိပြီးတော့ အဲဒီထဲက ၃၀ဟာ အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီးတော့ တပ်ဖွဲ့ဝင် ၂၀ လောက်သာအသက်ရှင်ပြီး ပုဂံကွဲ စက်ရုံကို ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

လက်ရှိကို ကျောင်းသားလက်ရုံးတပ်တော်(SAF)ဆီမှာ လက်နက်ချ အလင်းဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်သား မင်းခန့်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ၂၀၂၄ ခုနှစ်၊ မေလမှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်အတွင်းမှာရှိတဲ့ သူရဲ့ နေအိမ်အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲဖမ်းဆီးတာကို ခံခဲ့ရပြီးနောက် စစ်မှုထမ်းသင်တန်း အပတ်စဉ် (၄) စစ်သင်တန်းကို တက်ရောက်ခဲ့ပြီး စကခ (၁၀)၊ ခမရ ၃၆၅ တပ်ရင်း (မော်လိုက်) မှာ တာဝန်ထမ်းဆောင်ခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။

အိမ်လေးစုတပ်စခန်းက ထွက်ပြေးလာပြီးနောက် ပုဂံကွဲတပ်စခန်းရောက်ချိန်မှာ ကိုမင်းခန့်တို့ဟာ ပုဂံကွဲကုန်းပေါ်မှာ မိုင်းလိုက်ထောင်ရာကနေ စစ်ကောင်စီတပ်ထဲမှာ မနေချင်တော့တာကြောင့် သူငယ်ချင်းတစ်ယောက် နဲ့ အတူ ခြုံပေါက်ထဲကနေ ဆင်းပြီးတော့ ထွက်ပြေးကာ ကျောင်းသားလက်ရုံးတပ်တော်(SAF)ဆီမှာ လက်နက်ချ အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ လည်းဆိုပါတယ်။

ဒါ့အပြင် သူလိုပဲ စစ်ကောင်စီတပ်တွေထဲကနေ ထွက်ပြေးချင်တဲ့ သူတွေ အများအပြားရှိနေသေးတာ ဖြစ်ပြီးတော့ ထွက်ပြေးလို့ မရတဲ့ အတွက် အသက်ကိုစတေးမယ်လို့ဆိုကာ ဆုံးဖြတ်ချက် ချထားသူတွေလည်း အများအပြားရှိနေသေးတယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဘဝ နဲ့ စစ်တပ်ထဲကို ဝင်ရောက်သွားပြီးဆိုရင်လည်း မပစ်ချင်တဲ့သူတွေကို ပစ်ခတ်တာတွေ လုပ်ဆောင်ရ၊မဝင်ချင်တဲ့အိမ်ကိုလည်းဝင်ကြရတာတွေ အပြင် မယူချင်တဲ့ ပစ္စည်းတွေကိုလည်း ယူခဲ့ရတာတွေရှိတယ်လို့လည်း ကိုမင်းခန့်က ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here