ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ မနက် ၇ နာရီခွဲ က မင်းလှမြို့ ငမိုးရိပ်ကျေးရွာ ကနေ ဇရပ်မြောင်ကျေးရွာ အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၇၀ ပါ စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို အရှိုးချင်းကာကွယ်ရေးတပ် ACDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ACDF က မနေ့က ဧပြီလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို အရှိုးချင်းကာကွယ်ရေးတပ် ACDF နဲ့ ဗျူဟာ (၂၂) ပူးပေါင်းမဟာမိတ်တပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီးတော့ နှစ်နာရီကြာတိုက်ပွဲ ဖြစ်ပွါးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှု အတွင်းမှာ စစ်ကောင်စီက တိုက်လေယာဥ◌် နှစ်စီး Mi – 35 လေယာဥ◌် တစ်စီးနဲ့ ပစ်ကူပေးတိုက်ခိုက်ခဲ့တာ ရှိပြီးတော့ မွန်လွဲ ၂ နာရီလောက်မှာတော့ အဲဒီစစ်ကြောင်းဟာ ထောက်ကြန့်ရွာဘက်ကို ဆုတ်ခွါသွားပြီးနောက်မှာ ထောက်ကြန့်ဘုန်းတော်ကြီးကျောင်းအတွင်းမှာ တပ်စွဲထားတယ်လို့လည်း ဆိုထားပါတယ်။
တိုက်ပွဲ အပြီးမှာတော့ အရှိုးချင်းကာကွယ်ရေးတပ် ACDF နဲ့ ဗျူဟာ (၂၂) ပူးပေါင်းမဟာမိတ်တပ်တို့က နယ်မြေရှင်လင်းရေးတွေ လုပ်ဆောင်ခဲ့ပြီးတော့ စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်း နဲ့ လက်နက်ငယ် ၁၁ လက် ကွန်မန်ဒိုပြောင်းတို ၁ လက် အပြင် စစ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
