Home လူ့အခွင့်အရေး မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ဆိုးရွားစွာ ဆုံးရှုံးနေ

မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ဆိုးရွားစွာ ဆုံးရှုံးနေ

109
0
ပုံ - NP News

မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာလုယူပြီးနောက်ပိုင်းမှာ အခြေခံအလုပ်သမားအခွင့်အရေး နဲ့ လူ့အခွင့်အရေးတွေဟာ ဆိုးရွားစွာ ဆုံးရှုံးနေရတယ်လို့ ဒီနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့ အပြင် စစ်ကောင်စီဟာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချတာ၊ ဝရမ်း ထုတ်တာ၊ ခရီးသွားလာခွင့်တွေပိတ်ပင်တာ နဲ့ နိုင်ငံသားအဖြစ်မှရပ်ဆဲတာ၊ အလုပ်သမား သမဂ္ဂအဖွဲ့ကို ဖိအားပေးပြီးတော့ ပြန်လည်မှတ်ပုံတင်ခိုင်းတာ၊ ခေါင်းဆောင်တွေကို ပြန်လည် ရွေးချယ်မှုလုပ်ခိုင်းတာ၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် နဲ့ စည်းရုံးခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် မရှိတာ နဲ့ အဓမ္မစစ်သားစုဆောင်းတာကို ခံနေရတယ်လို့ ဆိုထားပါတယ်။

ဒီလို စစ်ကောင်စီက လုပ်ဆောင်တာဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) ရဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် နဲ့ စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၈၇ (၁၉၄၈) နဲ့ အဓမ္မအလုပ်ခိုင်းစေမှု ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ (၁၉၃၀)ကို လိုက်နာရန် ပျက်ကွက်တာ နဲ့ ချိုးဖောက်တာကို လုပ်ဆောင်ခဲ့တာ ဖြစ်တဲ့ အတွက် ၂၀၂၂ ခုနှစ်၊ မတ်လမှာ ILO က လွတ်လပ်ပြီး တရားမျှတတဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (Commission of Inquiry on Myanmar-COI) တစ်ရပ်ကို ဖွဲ့စည်းခဲ့တယ်လို့လည်း ဆိုထားပါတယ်။

အဲဒီနောက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနကိုဦးဆောင်တဲ့အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့တွေဟာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (COI) ရဲ့ လုပ်ငန်းတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြပြီးတော့ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ILO Constitution, Article 33 နဲ့ ထိရောက်ပြင်းထန်စွာ အပြစ်ပေး အရေးယူရေး နဲ့ အမျိုးသားညီ ညွတ်ရေးအစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်သူ့ အစိုးရအဖြစ် ILO ယန္တရားမှတဆင့် စတင်အသိ အမှတ်ပြုမှုရရှိရေးကို ဆောင်ရွက်ခဲ့ကြပြီးတော့ လက်ရှိမှာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေကို ရရှိနေပြီ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒီလို အောင်မြင်မှု ရရှိစေဖို့ အတွက် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု နဲ့ နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့အစည်းတွေ၊ ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ မြန်မာအလုပ်သမားတွေ တက်တက် ကြွကြွ နဲ့ ပူးပေါင်းပါဝင်မှုကိုလည်း လေးနက်စွာ အသိအမှတ်ပြုတယ်လို့ NUG က ဆိုထားပါသေးတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့်မြန်မာနိုင်ငံမှာ စီပွါးရေးချွတ်ခြုံကျတဲ့ နိုင်ငံ ဖြစ်လာခဲ့သလို အဓမ္မစစ်သားစုဆောင်းမှုတွေကြောင့်လည်း လုပ်ငန်းခွင်တွေကို စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် လုပ်အားဆုံးရှုံးတာတွေ လုပ်သားတွေ ရဲ့ လုပ်ခလစာကို အလုပ်ရှင်က ပေးချေရန် မတရားဥပဒေပြဋ္ဌာန်းပြီးတော့ အလုပ်ရှင်တွေ အပေါ် ဖိနှိပ်တာတွေရှိနေပြီးအလုပ်သမား တွေ နဲ့ သူတို့ကို မှီခိုနေရတဲ့ မိသားစုများအပေါ် ကျရောက်နေတဲ့ လူမှုစီးပွား ထိခိုက်မှုအပေါ် မှာလည်းများစွာ စိတ်မကောင်း ဖြစ်ရတယ်လို့ NUG က ဆိုထားပါသေးတယ်။

ဒီလို အလုပ်သမားတွေအပါအဝင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး နေ့စဉ် ကြုံတွေ့ခံစားနေရတဲ့ ကိုယ်၊ စိတ် ဒုက္ခမျိုးစုံဟာ အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းနိုင်မှသာ ဆုံးရှုံးနေရတဲ့ အခြေခံအခွင့်အရေးတွေ၊ ကိုယ်ပိုင်လွတ်လပ်ခွင့် နဲ့ တန်းတူညီမျှရေး၊ အဘက်ဘက်က ယိုယွင်းနေတဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ပြန်လည်အကောင်အထည်ဖော်နိုင်မှာ ဖြစ်တဲ့ အတွက် မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးဆုံးဖို့ ပြည်တွင်း၊ ပြည်ပရှိတဲ့ မြန်မာအလုပ်သမားတွေ အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကလည်း တတ်နိုင်တဲ့နည်းလမ်းမျိုးစုံနဲ့ ဆက်လက် တိုက်ပွဲ ဝင်ကြဖို့ကိုလည်း NUG က တိုက်တွန်းတောင်းဆိုထားပါသေးတယ်။

ကမ္ဘာ့ကုလသမဂ္ဂ(UN)နဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) အပါအဝင် နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့အစည်းတွေ၊ အခြေခံလူ့အခွင့်အရေး နဲ့ အလုပ်သမား အခွင့် အရေး အလေးထားတဲ့ နိုင်ငံတကာအစိုးရတွေ အနေနဲ့လည်း လက်တွေ့ဆန်တဲ့ ပံ့ပိုးကူညီမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ပေးစေချင်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ​ NUG ကတောင်းဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here