ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်းမှာ ဧပြီလ (၁) ရက်နေ့ကနေပြီးတော့ (၃၀)ရက်နေ့ အထိ တစ်လအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) အမှတ် (၅) တပ်မဟာ နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲကြီး တိုက်ပွဲငယ် စုစုပေါင်း (၁၃၉) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။
ဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် (၂) ဦး၊ တပ်ကြပ်ကြီး အဆင့် (၁) ဦးအပါအဝင် (၃၉)ဦး သေဆုံးခဲ့ရပြီးတော့ ဒုတပ်ကြပ်(၁)ဦး အပါအဝင် (၅၅)ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သား ပြည်သူလူထုတွေ နေထိုင်နေတဲ့ ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ (၇) ကြိမ်ပစ်ခတ်တိုက်ခိုက်တာ တိုက်လေယာဉ် နဲ့ ဗုံးအလုံးရေ (၁၄) လုံး ကြဲချ တိုက်ခိုက် တာတွေကို လုပ်ဆောင်ခဲ့တဲ့ အတွက် အပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦး သေဆုံး ခဲ့ရပြီးတော့ နောက်ထပ်ပြည်သူ (၇) ဦးဟာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။
ဒီလိုလေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ကိုစစ်ကောင်စီက လုပ်ဆောင်ခဲ့တာကြောင့် ဒေသအတွင်းက အရပ်သားပြည်သူလူထုတွေရဲ့ လုပ်ကိုင်စားသောက်တဲ့နေရာတွေဟာလည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တဲ့ အပြင် စိုးရိမ် ထိတ်လန့်မှုတွေ ရှိတာကြောင့်လည်း အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကပင် ဧပြီ ၃၀ ရက်နေ့အထိ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အတွက် အပစ်ရပ်တယ်လို့ ထုတ်ပြန်ထားခဲ့ပေမယ့် ယာယီတစ်ဖက်သတ် အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်စိုးမိုးနယ်မြေတွေကို တိုးစစ်ဆင်တိုက်ခိုက်တာ လေကြောင်းတိုက်ခိုက်တာ တွေ ဆက်တိုက်လုပ်ဆောင်တာတွေ ရှိခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ထုတ်ပြန် ပြောဆိုထားပါတယ်။