စစ်ခေါင်းဆောင်မင်းအောင်လှိုင် နဲ့ ဇနီဖြစ်တဲ့ ကြူကြူလှတို့ဟာ ဒီရက်ပိုင်း အတွင်းမှာ ရုရှားနိုင်ငံကို ထပ်မံသွားရောက်ဖို့ရှိတယ် စစ်ကောင်စီပိုင်သတင်း ဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေ နဲ့ ဒီရုရှားခရီးစဥ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမယ့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်း အနားကို တက်ရောက်ဖို့သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီလိုပဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင် နဲ့ အတူ ဇနီးတဲ့ကြူကြူလှဟာလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko ရဲ့ ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ အတူ ရုရှားကို သွားရောက်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေ နဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားအပြင်ဆက်စပ်အခမ်းအနားတွေကိုလည်းတက်ရောက်ဖို့ရှိတယ်လို့လည်းဆိုပါတယ်။
အဲဒါတွေအပြင်အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံ့ခေါင်းဆောင် တွေနဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးတာတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်းဆိုထားပါတယ်။
ဒါ့အပြင် ဒီခရီးစဉ်အတွင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နှစ်နိုင်ငံအစိုးရ နဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ တွေ နဲ့ ကဏ္ဍပေါင်းစုံက မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေကိုလည်း ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်းဆိုထားပါတယ်။