CNA၊ မြတ်သူ။
မင်းပြားမြို့နယ် ဖားပြိုကျေးရွာအတွင်းမှာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မေလလ ၂ ရက်နေ့မှာ မုဒိမ်းကျင့် သတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကလေးငယ်ကတော့ ဖားပြိုကျေးရွာက မိခင် ဒေါ်ခင်ဆန်းအေးကြည် ရဲ့ သမီး အသက် ၉ နှစ်အရွယ် မ— ဖြစ်ပြီးတော့ အဲဒီခလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူကတော့ တစ်ရွာတည်းနေ အသက် ၃၀ ကျော်အရွယ် မောင်မြသန်း ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကလေးငယ်ကို မုဒိမ်းမှုကျူးလွန်ပြီး သတ်ဖြတ်ခဲ့တဲ့ မောင်လှသန်းဆိုသူကို အာရက္ခတပ်တော် က မေလ ၆ရက်နေ့မှာ ဖမ်းဆီးပြီးတော့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ကလေးငယ် မိသားစုဝင် နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“အခုတရားခံကိုဖမ်းပြီးတော့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ် မနေ့ကပဲ ဖမ်းလိုက်တယ်တရားခံကို ။ ကလေးငယ်ကို သတ်ဖြတ်ခံရတာက ရွာနဲ့ မနီးမဝေးနေရာမှာ သတ်ဖြတ်ခံရတာ ကလေးကိုက ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကလည်းမနည်းဘူးတွေ့ရတယ်ပြီးတော့ သစ်ပင်ပေါ်မှာလည်ပင်းကို ကြိုးကွင်းစွပ်ပြီးတော့ ချိတ်ဆွဲထားတယ်”လို့ သူကဆိုပါတယ်။
အဲဒီလိုမုဒိမ်းကျင့်ပြီးသတ်ဖြတ်ခံခဲ့ရတဲ့ ကလေးငယ်ရဲ့ အလောင်းကိ မေလ ၃ ရက်နေ့ နေ့လယ်မှာ ရွာအနီးရှိ တောစပ်တနေရာမှာ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလို အပြစ်မဲ့တဲ့ ကလေးငယ်ကိုမုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့သူကို အာရက္ခတပ်တော် အနေ နဲ့ စီစစ်ပြီးတော့ သေဒဏ်ပေးတာတွေကို လုပ်ဆောင်ပေးစေချင်တယ်လို့လည်း ကလေးငယ်မိသားစု နဲ့ နီစပ်သူက တောင်းဆိုပါတယ်။
လက်ရှိဖြစ်ရပ်ဟာ ရခိုင်တမျိုးသားလုံးအတွက် အလွန်တရာ ရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စရပ်တစ်ခုဖြစ်ပြီးတော့ ရခိုင်မှာ ရှိနေတဲ့ အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေအတွက်လည်း နောက်နောင်မှာ စိုးရိမ်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာနိုင်တာကြောင့် ဒီကီစ္စရဲ့ အမှုမှန်ကို အာရက္ခတပ်နဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားခံအမှန်ကို စစ်ဆေးဖော်ထုတ်ပြီးတော့ အများသူငှာရှေ့မှောက်မှာ နောက်နောင် ဒီလို ကိစ္စမျိုးတွေ ထပ်မံဖြစ်မလာရအောင် တရားခံကိုသေဒဏ်ပေးကာ စီရင်ချက် ချပေးသင့်တယ်လို့ ရခိုင်အမျိုးသမီးထုကိုယ်စား မမိမိခိုင်က တောင်းဆိုပါတယ်။
“ဒီဖြစ်ရပ်ဟာ အာရက္ခဒေသမှာ ရှိတဲ့အမျိုးသမီးတွေကို ကိုယ်စိတ်မလုံခြုံမှု ဖြစ်စေပါတယ်။အာရက္ခဒေသမှာ ရှိတဲ့ အမျိုးသမီးငယ်တွေကို ကိုယ်စိတ်လုံခြုံမှုရှိစေချင်ပါတယ်။အခုလို မတရားလုပ်ခဲ့တဲ့ သူ လူစိတ်မရှိတဲ့ လူတစ်ယောက်ကိုလည်း သေသေချာချာစီစစ်ပြီးတော့ ပြည်သူအများရှေ့မှာ သေဒဏ်ပေး စီရင်ပေးတာတွေကို လုပ်ဆောင်စေချင်တယ်။ဒီတောင်းဆိုမှုက ကျမဆန္ဒတစ်ခုတည်း ဖြစ်သလို အာရက္ခဒေသက အမျိုးသမီးအများစုဟာလည်း ကျမလိုဘဲ ဒီကိစ္စကို တောင်းဆိုကြမှာ ဖြစ်တယ်လို့ထင်တယ်”လို့ သူကတောင်းဆိုပါတယ်။
လက်ရှိဖြစ်စဉ်အခြေအနေတွေ နဲ့ အာရက္ခတပ်တော်လုပ်ဆောင်နေမှု အခြအနေကိုသိရှိနိုင်ဖို့ အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကို CNA က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။