Center for Social Research and Development-CSRD ဟာ ရခိုင်ဒေသမှာ ရှိနေတဲ့ လူငယ်တွေ အတွက် အင်္ဂလိပ်စာ၊လူမှုလေ့လာရေး၊ဂျန်ဂါလေ့လာရေး၊ပြည်သူ့ နီတိ၊သုတေသန ဘာသာရပ်တွေကို သင်ကြားပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ဒီအဖွဲ့အစည်း အနေ နဲ့ တက္ကသိုလ်တခုခု ဒါမှမဟုတ် အဆင့်မြင့်ပညာရပ်တစ်ခုခုကို မတက်ရောက်သေးခင် မဖြစ်မနေရှိနေသင့်တဲ့ စွမ်းရည်၊ ဗဟုသုတနဲ့ အမူအကျင့်ပိုင်းဆိုင်ရာတွေကို သင်ကြားပေးဖို့အတွက်ကို ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့နောက်ဆုံးထားပြီးတော့ တက်ရောက်မယ့် လူငယ်တွေကို လျှောက်လွှာခေါ်ယူခဲ့တာလည်း ရှိခဲ့ပါတယ်။
ဒီ Center for Social Research and Development-CSRD မှာတက်ရောက်မယ့်ကျောင်းသားတွေ အနေ နဲ့ ဘာတွေလိုအပ်သလဲ ဘယ်လိုလူတွေက တက်ခွင့်ရမလဲ ၊ဒီကျောင်းတည်ထောင်မှုတွေမှာ ဘယ်လို အခက်အခဲတွေ ရှိနေသလဲ၊ ဒီကျောင်းပြီးရင် အလုပ်အကိုင်အခွင့်အလမ်းတွေက ဘယ်လိုတွေ ရှိနေသလဲ ဒီအခြေအနေကို CNA က Center for Social Research and Development-CSRD က တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ဟုတ်ကဲ့ပါခင်ဗျ ဒီအခု CSRD က လုပ်မယ့် အဆင့်မြင့်အတန်းပညာတက်ရောက်နိုင်ဖို့ အတွက်ဆိုပြီးတော့ စွမ်းရည်၊ ဗဟုသုတနဲ့ အမူအကျင့်ပိုင်းဆိုင်ရာသင်တန်းကို ဘာကြောင့်လုပ်ဆောင်ရတာပါလဲ?
ဖြေ။ အာရက္ခဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ အတူ စစ်ကောင်စီ ရဲ့ ဗုံးကျဲတိုက်ခိုက်မှုအန္တရာယ်တွေကလည်း များလာတဲ့နောက်ပိုင်းမှာ အာရက္ခဒေသက လူငယ်တွေဟာ ပညာရေးအခွင့်အလမ်းတွေ အင်မတန် ဆုံးရှုံးလာရတာတွေ ရှိပါတယ်။ ရန်ကုန် နဲ့ နိုင်ငံခြားကို လူငယ်အများစုက တိမ်းရှောင်သွားတာတွေ ရှိတဲ့ အတွက် ဒေသထဲမှာ လူငယ်လူသားအရင်းအမြစ်တွေကလည်း ဆုံးရှုံးနေကြရပါတယ်။ဒေသထဲမှာ အထက်တန်းအောင်မြင်ပြီးနောက်ပိုင်း အဆင်မြင့်ပညာရေးကို တက်လှမ်းဖို့အတွက်လည်း တက္ကသိုလ်တွေက အခုချိန်မှာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် တိတိကျကျ ပေါ်ပေါက်လာတာ ရှိပါသေးပါဘူး။ နောက်ပြီးတော့ ခေတ်အဆက်ဆက်က အာရက္ခဒေသမှာရှိတဲ့ လူငယ်တွေဟာ အဆင့်မြင့်ပညာမတတ်ရောက်ခင်မှာ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်း၊ ဗဟုသုတနဲ့ အမူအကျင့်ပိုင်းဆိုင်ရာတိကို သင်ကြားခွင့်ရဖို့ လက်လှမ်းမှီမှု အင်မတန်မှ နည်းပါးခဲ့တာကြောင့် လက်ရှိ အာရက္ခဒေသမှာ နေထိုင်နေကြပြီးတော့ အဆင့်မြင့်ပညာရပ်ကို တက်ရောက်ဖို့ စောင့်ဆိုင်းနေကြတဲ့ လူငယ်တွေအတွက် စွမ်းရည်တွေကို ကြိုတင်လေ့ကျင့်ပေးပြီးတော့ အာရက္ခပြည်အတွက် အရည်အချင်းရှိတဲ့ လူသားအရင်းအမြစ်တွေကို ပြုစုပျိုးထောင်နိုင်ဖို့ အတွက် ဒီ Pre-College Programကို ကျနော်တို့ CSRDက နေပြီးတော့ စတင်လုပ်ဆောင်လိုက်ရတာ ဖြစ်ပါတယ်။
မေး။ ဒီသင်တန်းကိုက ဘယ်လိုလူတွေက တက်ရောက်ခွင့် ရနိုင်မလဲ ဆိုတာကိုလည်း သိပါရစေ ခင်ဗျာ?
ဖြေ။ အထက်မှာ ပြောပြခဲ့တဲ့ အတိုင်း အထက်တန်းအောင်မြင်ပြီးတော့ တက္ကသိုလ်တခုခုကို တက်ရောက်ဖို့အတွက် စောင့်ဆိုင်းနေတဲ့သူတွေ၊ ပြင်ဆင်နေတဲ့ သူတွေ ၊ (ဒါမှမဟုတ်) တက္ကသိုလ်တက်ရင်း တပိုင်းတစနဲ့ နားထားရတဲ့ လူငယ်တွေ အကုန်လုံးက တက်ရောက်ခွင့်ရဖို့အတွက်ကို လျှောက်ထားနိုင်ပါတယ်။
မေး။ Center for Social Research and Development-CSRD အနေ နဲ့ လက်ရှိရခိုင်ကလည်း လေကြောင်း အန္တရာယ်ရှိနေတော့ ဒီသင်တန်းတွေ လုပ်ဆောင်နိုင်ဖို့ အတွက် ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရတာတွေ ရှိခဲ့ရသလဲ။ အခက်အခဲတွေဆိုရင်ရော ဘာတွေ ရှိသလဲ?
ဖြေ။ ကြိုတင်ပြင်ဆင်မှုအနေ နဲ့ကတော့ အများကြီးပါ။ လုံခြုံရေးကတော့ အဓိက စိန်ခေါ်မှု ဖြစ်ပါတယ်။ လုံခြုံတဲ့ သင်တန်းနေရာတခု ရှိအောင် ရှာဖွေဖန်တီးရတာက ဒီကာလမှာ အင်မတန်မှ မလွယ်ကူပါဘူး။ နောက်တခုက သင်တန်းမှာ သင်ကြားပေးမယ့်ဆရာ၊ ဆရာမတွေကလည်း ဒေသထဲမှာ ရှားပါးတဲ့အခြေအနေပါ။ ဒါပေမယ့် CSRDမှာ တည်ဆောက်ထားတဲ့ Networkထဲကနေပြီးတော့ အရည်အချင်းရှိတဲ့ ဆရာ၊ဆရာမတွေကို ပါဝင်အားဖြည့်ကူညီပေးဖို့ တိုက်တွန်းနှိုးဆော်ပြီးတော့ ဆရာ၊ ဆရာမအင်အားကို အချိန်ယူပြီးတော့ ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ နောက်ကြီးမားတဲ့ အခက်အခဲတခုက ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာပါ။ အာရက္ခဒေသအသီးသီးက လူငယ်တွေဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရှိတဲ့အတွက်ကြောင့် နဲ့ သတင်းအချက်အလက် ရရှိမှု အင်မတန်မှ နှေးကွေးတာကို ခံစားနေကြရပါတယ်။ ကျနော်တို့ သင်တန်းအဖွဲ့ကနေပြီးတော့ မြေပြင်တွေက လူငယ်ကွန်ယက်တွေ နဲ့ ချိတ်ဆက်ပြီးတော့ သင်တန်းလျှောက်လွှာတွေကို ဖြန့်ဝေပေးထားတဲ့တိုင်အောင် လူငယ်တွေဆီကို သတင်းအချက်အလက် ရောက်ရှိမှုက အရင် ဖုန်းလိုင်းရှိနေတဲ့တုန်းက အခြေအနေမျိုးတွေလို မဖြစ်နိုင်နိုင်ဘူးပေါ့။ ဒီလိုအခက်အခဲတွေကိုတော့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ဒါပေမယ့် လျှောက်လွှာခေါ်တဲ့ နေကနေကပြီးတော့ ၂ရက်တာအတွင်း မှာတော့ လျှောက်လွှာပေါင်း မြေပြင်နဲ့ အွန်လိုင်းက စုစုပေါင်း (၈၀)ကျော်လက်ခံရရှိခဲ့ပါတယ်။ သတ်မှတ်လျှောက်လွှာပိတ်ရက်အထိဆိုတော့ ဒီထက်များတဲ့ လျှောက်လွှာတွေကို လက်ခံရရှိဖို့လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။
မေး။ သင်တန်းမှာက ဘယ်က ဆရာ/ဆရာမတွေက သင်ကြားပေးကြမှာလဲ?
ဖြေ။ Instructorတွေထဲမှာ အဂ်လိပ်စာinstructor ကိုတော့ Teaching English as a Foreign Language (TEFL)ဒီပလိုမာဘွဲ့ရပြီးတော့ သင်ကြားရေး အတွေ့အကြုံ (၁၂)နှစ်ကျော် အတွေ့ကြုံရှိတဲ့ Instructor တယောက်က သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ Social Studies, Gender Studies, Civic Education, Research Studiesဘာသာရပ်တွေကို သင်ပြဖို့ ဆရာ၊ ဆရာမတွေဆိုရင်တော့ နိုင်ငံတကာကျောင်းတွေမှာ သက်ဆိုင်ရာနယ်ပယ်အလိုက် မာစတာတန်းပြီးထားသူတွေ နဲ့ ဒီပလိုမာပြီးထားပြီးတဲ့ အာရက္ခပြည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တော်တော်အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေက သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ လုံခြုံရေးဆိုင်ရာစိတ်ပူပန်မှုအရ ဒီအခြေအနေမှာ ဖော်ပြဖို့ အဆင်မပြေသေးပါဘူး။ သင်တန်းကျောင်းမှာ တက်ရောက်ခွင့်ရတဲ့ ကျောင်းသူ၊ ကျောင်းသား တွေ နဲ့ မိဘတွေကိုကတော့ အသေးစိတ် သိရှိခွင့်ရ မှာ ဖြစ်ပါတယ်။
မေး။ အလုပ်အကိုင် ၊ဒါမှမဟုတ် ဒီကျောင်းပြီးသွားခဲ့ရင် ဘယ်လိုကျောင်းတွေကို ဆက်တက်ခွင့် ရမလဲဆိုတာကိုလည်း သိချင်ပါတယ်?
ဖြေ။ ဒီသင်တန်းကျောင်းက ပြီးသွားရင်တော့ လူငယ်တယောက်အနေ နဲ့ ကိုယ့်ရဲ့ ရည်ရှည်ပညာရေးဆိုင်ရာ အိမ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် လိုက်နာကျင့်ကြံဖို့လိုအပ်တဲ့ self-study လေ့ကျင့်မှုတွေက ဘာတွေလဲဆိုတာကို အပြည့်အဝလေ့လာသိရှိပြီး ဖြစ်သွားမယ်။ နောက်ပြီးတော့ နိုင်ငံတကာ အဆင့်မှီကျောင်းတွေကို scholarshipလျှောက်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို လေ့ကျင့် သင်ကြားပြီးသားဖြစ်သွားမှာ ဖြစ်ပြီးတော့ လိုအပ်တဲ့ ဗဟုသုတ၊ စွမ်းရည် နဲ့ အမူအကျင့်တွေကိုလည်း လေ့ကျင့်ပီးသား ဖြစ်သွားပြီး ဖြစ်မယ်။ တကယ်လို့ ကိုယ်က ကျောင်းဆက်မတက်ဖြစ်ဘူးဆိုရင်တောင်မှ အာရက္ခပြည်တည်ဆောက်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာဘယ်လို ပုံစံ နဲ့ လူငယ်တယောက်အနေ နဲ့ ပါဝင်ကူညီလုပ်ဆောင်လို့ရတယ်ဆိုတဲ့ ဗဟုသုတ၊ အတွေးအခေါ်ပိုင်းဆိုင်ရာတွေကိုလည်း သင်ကြားပေးသွားမှာ ဖြစ်တယ်။
ဟုတ်ကဲ့ပါခင်ဗျ ကျနော်တို့ CNA သတင်းဌာနကို အခုလို အချိန်ပေး ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။





Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://www.binance.info/zh-TC/register?ref=DCKLL1YD