Home သတင်း စစ်ရေး စစ်တွေ ဒစက အထဲမှာ ရှိတဲ့ အမြောက်တပ်က ပေါက်တောကို လက်နက်ကြီးတွေ နဲ့ လှမ်းပစ်

စစ်တွေ ဒစက အထဲမှာ ရှိတဲ့ အမြောက်တပ်က ပေါက်တောကို လက်နက်ကြီးတွေ နဲ့ လှမ်းပစ်

35
0
ပုံ-စစ်တွေမြို့မြင်ကွင်း ပုံဟောင်း

CNA၊မြတ်သူ။

စစ်တွေမြို့ ဒစက အထဲမှာ ရှိတဲ့ စသ်ကောင်စီအမြောက်တပ်က ပေါက်တောမြို့နယ်အတွင်းကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေကို မနေ့က လုပ် ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီအနေ နဲ့ လက်ရှိမှာ မေလ တစ်လတာ အပစ်ရပ်မယ်လို့ သက် တမ်းတိုး ထုတ်ပြန်ထားတာရှိပေမယ့် အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ပြီး ဖြစ်တဲ့ ပေါက်တောမြို့ကို အကြောင်းမဲ့သက်သက် လက်နက် ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

“မနေ့ကပေါ့ စစ်ကောင်စီ ဒစက ဝင်းထဲမှာ ရှိတဲ့ အမြောက်တပ်က လက်နက် ကြီးတွေ နဲ့ ပေါက်တော သဲခုံရွာဘက်ကို ပစ်တာ ၆ ချက် ၇ ချက်လောက်ပစ်တာဆက်တိုက်။ဘာတိုက်ပွဲမှ မရှိဘဲ ဒီအတိုင်းပစ်တာ ဖြစ်တယ်”လို့ စစ်တွေ ဒေသခံ တစ်ဦးကပြောပါတယ်။

ဒါပေမယ့် ဒီတိုက်ခိုက်မှုကြောင့် ပျက်စီးမှု ရှိမရှိဆိုတဲ့ အခြေအနေအသေး စိတ်ကိုတော့ သူ့အနေ နဲ့ မသိရှိရသေးဘူးလို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော် အပါအဝင် ညီနောင်မဟာမိတ်တပ်တွေ အနေ နဲ့လည်း ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေကို လညပ်ဆောင်နိုင်ဖို့အတွက် တစ်ဖက် သတ် ယာယီအပစ်ရပ်တာကို မေလ ကုန်တဲ့အထိ သက်တမ်းတိုး ထုတ်ပြန်ထားပါတယ်။

အခုလို စစ်ကောင်စီက စစ်တွေ ကနေ ပေါက်တောကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာကို လုပ်ဆောင်ခဲ့ပေမယ့် အာရက္ခတပိတော်ဘက်ကတော့ ပြန်လည်ပစ်ခတ်တိုက်ခိုက်တာ မရှိတဲ့ အတွက် စစ်ကောင်စီဘက်က လည်း ပစ်ခတ်တာကို ရပ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

“အာရက္ခတပ်တော်က ပြန်ပစ်တာတော့မရှိဘူး အခါတိုင်းဆိုရင် သူတစ်ချက်ပစ်ရင် ကိုယ်တစ်ချက်ပြန်ပစ်တာတော့ရှိတယ်။အခုက ဘာမှပြန်မပစ်တော့ စစ်ကောင်စီဘက်ကလည်း ရပ်သွားတယ် ဒီနေ့မနက်တော့ ပစ်တာမရှိသေးဘူး”လို့ အဲဒီစစ်တွေ ဒေသခံ တစ်ဦးက ထပ်မံပြောဆိုပါတယ်။

စစ်ကောင်စီဟာ အပစ်ရပ်ထုတ်ပြန်တယ်လို့ ထုတ်ပြန်ထားပေမယ့် ရခိုင်ပြည်အတွင်းက ကျောက်ဖြူမြို့နယ် မှာ အာရက္ခတပ်တော်က အပြီးသတ်သိမ်း ပိုက်ထားပြီးဖြစ်တဲ့ နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုလည်း နေ့စဉ်လုပ်ဆောင်တာတွေ ရှိနေပြီး အာရက္ခတပ်တော် နဲ့ ထိတွေ့တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေတာလည်း ရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here