စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ဒီပဲယင်းမြို့နယ် အိုးတိန်ကျေးရွာဖြစ်စဉ် နဲ့ ရခိုင်ပြည် ရသေ့တောင်မြို့ ထွန်းရဝေကျေးရွာဖြစ်စဥ်တွေလို အရပ် သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးရမှု ဖြစ်စဥ်ဟာ အာဏာ သိမ်းကာလ ၄ နှစ်ကျော်အတွင်းမှာ ဖြစ်စဥ် ဖြစ်ပွားမှု ၈၀ ထက်မနည်းရှိလာနေတယ်လို့ ISP Myanmar ရဲ့ မှတ်တမ်းတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့မှာ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၂၁ ဦးနဲ့ ဆရာမနှစ်ဦး အပါအဝင် စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ရပါတယ်။
ဒီအိုးတိန်ကျေးရွာ စာသင်ကျောင်းဖွင့်လှစ်သင်ကြားနေတာဟာ ပုံမှန် ကျော င်း ဖွင့်ချိန် မဟုတ်ပေမဲ့ အညာဒေသမှာ လေကြောင်းရန်ကို ရှောင်ကွင်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ထားတဲ့ ကျောင်းတွေထဲကမှာ အိုးတိန်တွင်းရွာ စာသင် ကျောင်းလည်း တခုအပါ အဝင်လည်း ဖြစ်ပါတယ်။
အဲဒီ အိုးတိန်တွင်းရွာ ဖြစ်စဉ်အပြီး တစ်ရက်အကြာ မေလ ၁၃ ရက်နေ့မှာတော့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ထွန်းရဝေကျေးရွာကိုလည်းလေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တဦးအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်းဟာ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ထပ်မံဖြစ်ပွားခဲ့ပါတယ်။
စစ်အာဏာသိမ်း ၄ နှစ်ကျော်အတွင်းမှာ ဒီလို အိုးတိန်တွင်းရွာ စာသင် ကျောင်းနဲ့ ထွန်းရဝေကျေးရွာ ဖြစ်စဉ်လို အရပ်သား ၁၀ ဦးနဲ့ အထက် အစုအပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ပေါင်း ၈၀ ထက်မနည်း ရှိလာနေတာဖြစ်တယ်လို့ ISP Myanmar က ဆိုထားပါတယ်။
အဲဒီလို အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရမှု ဖြစ်စဉ်ပေါင်း ၈၀ ထက်မနည်း တဲ့အထဲမှာ အရပ်သား ၁,၅၉၈ ဦးထိ သေဆုံးခဲ့တာရှိခဲ့ရပြီးတော့ ဒီလိုဖြစ်စဉ်တွေဟာ တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ အများစု ဖြစ်ပွားခဲ့တာ ဖြစ်ပြီးတော့ ပထမ အများဆုံးဖြစ်ပွားခဲ့တဲ့နေရာကတော့ စစ်ကိုင်းတိုင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ယာယီတစ်ဖက်သတ်အပစ်ရပ်ကြောင်းကြေညာထားခဲ့တဲ့ တစ်လကျော်ကာလအတွင်းမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၀ ဦး နဲ့အထက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ် ၆ ခုထက်မနည်း ရှိခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။
အဲဒီဖြစ်စဉ် ခြောက်ခုစလုံးမှာလည်း စစ်ကောင်စီဟာအရပ်သားတွေ နေထိုင်နေတဲ့ ကျေးရွာနဲ့ စာသင်ကျောင်းတွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တဲ့ အတွက် သေဆုံးသူ အရပ်သား ၁၁၃ ဦးထက်မနည်း ရှိတယ်လို့လည်း ဆိုထားပါတယ်။
စစ်ကောင်စီဟာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း နဲ့ ရခိုင်ပြည်က စစ်ရေးတင်းမာနေတဲ့ နေရာတွေ အပြင် သူတို့ မထိန်းချုပ်နိုင်တော့တဲ့ နေရာတွေနဲ့ ပဋိပက္ခ လုံးဝမရှိတဲ့ မြို့ရွာတွေက လူနေရပ်ကွက်၊ ကျေးရွာ၊ ဆေးရုံ၊ သာသနိကအဆောက်အအုံတွေနဲ့ စာသင် ကျောင်းတွေကိုလေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။