Home သတင်း အာရက္ခတပ်တော် က မှုးယစ်ဆေးဝါးရောင်းချလို့ ရတဲ့ ငွေ နဲ့ ရခိုင်မှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်လို့ စစ်ကောင်စီစွပ်စွဲထုတ်ပြန်

အာရက္ခတပ်တော် က မှုးယစ်ဆေးဝါးရောင်းချလို့ ရတဲ့ ငွေ နဲ့ ရခိုင်မှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်လို့ စစ်ကောင်စီစွပ်စွဲထုတ်ပြန်

29
0

အာရက္ခတပ်တော် အနေ နဲ့ မူးယစ်ဆေးဝါးတွေ ရောင်းချလို့ ရရှိလာတဲ့ ငွေကြေးတွေ နဲ့ လက်နက် ၊ခဲယမ်းတွေ ဝယ်ယူကာ ရခိုင်ပြည်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေကိုလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက မေလ ၁၆ ရက်နေ့ မှာ သတင်းထုတ်ပြန်စွပ်စွဲပြောဆိုထားပါတယ်။

စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက်မှာ “AA သောင်းကျန်းသူအဖွဲ့အနေ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုတွေကို ပြုလုပ်ပြီးတော့ ရလာတဲ့ ငွေကြေးတွေ နဲ့ လက်နက်၊ ခဲယမ်းတွေ ဝယ်ယူကာ ရခိုင်ပြည်အတွင်းမှာ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောက်တာ ၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်နေတယ်လို့” စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားပါတယ်။

ဒီပြောဆိုချက်ဟာ မူးယစ်ဆေးဝါးတွေ နဲ့ အတူ ဖမ်းဆီးရမိခဲ့တဲ့ အာရက္ခတပ်တော် AA ရဲ့ ထောက်ပံ့ရေးတာဝန်ခံ နေပိုင်လင်း(ခ) အောင်နိုင်ကြွယ် ရဲ့ ထွက်ဆိုချက်ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီ အနေ နဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရေးကိစ္စကို အမျိုးသားရေးတာဝန်တစ်ရပ်အနေ နဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီးတော့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လေ့ရှိတဲ့ လမ်းကြောင်းတွေကို စစ်ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးတာတွေကို တိုးမြှင့်လုပ်ဆောင်တာတွေ ရှိနေတဲ့အတွက် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေတဲ့ သောင်းကျန်းသူအဖွဲ့တွေ နဲ့ မူးယစ်ဂိုဏ်းတွေဟာ ရေကြောင်း၏အားသာချက်ကို အသုံးချပြီးတော့ ရေလမ်းကြောင်းကနေတဆင့် မှုးယစ်ဆေးဝါးတွေကို သယ်ယူကာ ရောင်းချတာတွေ ရှိနေတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာတော့ အာရက္ခတပ်တော်ကို မလိုလားတဲ့ ပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ မလေးရှားနိုင်ငံကို ပိုဆောင်ဖို့ အတွက် လုပ်ဆောင်နေတဲ့ ပီနံအိတ် ၃၁ အိတ် နဲ့ ထည့်ထားတဲ့ မူယစ်ဆေးဝါး ICE ၆၁၈ ကီလိုဂရမ် နဲ့ အတူ “အားမာန်သစ်”အမည်ရှိတဲ့ စက်လှေတစ်စီးကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို၏အနောက်တောင်ဘက် ရေမိုင် ၆၀ ခန့်အကွာ ပင်လယ်ပြင်မှာ တရားခံသိန်းဇော်(၄၃)နှစ်၊ သက်ဦး(၅၆)နှစ်၊ အောင်မြင့်(၅၁)နှစ်၊ သိန်းဇော်(၅၆)နှစ် တို့ကို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

အဲဒီဖမ်းဆီး ရမိသူတွေ ရဲ့ ထွက်ဆိုချက်တွေ အရ ဧပြီလ ၂၇ ရက်နေ့မှာလည်း တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ရဲ့ အနောက်ဘက် ရေမိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်မှာရှိတဲ့ ကုန်တင်သင်္ဘောတစ်စီးပေါ်က ပီနံအိတ် ၂၂၀ အိတ်နဲ့ ထည့်သွင်းတင်ဆောင်လာတဲ့ ICE ၃၄၇၅ ကီလိုဂရမ်၊ ကတ်တမင်း ၂၀၀၀ ကီလိုဂရမ် ကိုလည်း ကိုဆန်းလွင်(၆၅)နှစ် အပါဝင် နောက်ထပ်တရားခံ ၁၂ ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဧပြီလ ၂၇ ရက် ညနေပိုင်းမှာလည်း မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချနေတဲ့ အာရက္ခတပ်တော် AA ရဲ့ ထောက်ပံ့ရေးတာဝန်ခံ နေပိုင်လင်း(ခ) အောင်နိုင်ကြွယ်(၃၄)နှစ်နဲ့ အတူ ကွင်းဆက်တရားခံတွေ ဖြစ်ကြတဲ့ နောက်ထပ် ၃ ဦးကိုလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာ၊ အိမ်အမှတ်(အို-၁၁၆)၌ ထပ်မံဖမ်းဆီးရမိခဲ့သလို မေလ ၁ ရက်နေ့မှာလည်း တရားခံနေပိုင်လင်း(ခ)အောင်နိုင်ကြွယ်နဲ့ အတူ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချရာတဲ့နေရာမှာ ပါဝင်နေတဲ့ အာရက္ခတပ်တော်​ရဲ့ ထောက်ပံ့ရေးအဖွဲ့ဝင်တွေ ဖြစ်တဲ့ ပိုင်ပိုင်ထွေး(ခ) အောင်နိုင်ထွေး(ခ) အောင်နိုင်သူ(ခ) ပိုင်ပိုင်(၂၆)နှစ်၊အပါအဝင် ၃ ဦးကိုလည်း ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး မေလ ၆ ရက်နေ့ ညနေပိုင်းမှာလည်း ကွင်းဆက်တရားခံဖြစ်တဲ့ ကောင်းမြတ်သူ(၂၅)နှစ်ကို လည်း ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါတယ်။

မေလ ၁၁ ရက်နေ့ ညနေပိုင်းမှာတော့ အာရက္ခတပ်တော် AA ရဲ့ ထောက်ပံ့ရေးဒုတိယတာဝန်ခံ နေမြင့်ထွန်း(ခ) ပြည့်စုံ(ခ) လူကြီး(၄၁)နှစ် ကိုလည်း ပီနံအိတ် ၃၂ အိတ်ထဲမှာ ထည့်သွင်းသိုဝှက်ထားတဲ့ ကတ်တမင်း ၁၀၀၀ ကီလိုဂရမ်နဲ့ အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီးတော့ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးရဲ့ စုစုပေါင်း ကာလ တန်ဖိုးငွေကျပ် ၂၈၂.၃၂၅ ဘီလီယံ နဲ့ အတူ မူးယစ်ဆေးဝါးတရားခံ ၂၆ ဦးကိုပါ စစ်ကောင်စီ အနေ နဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် AA ရဲ့ ထောက်ပံ့ရေးတာဝန်ခံ နေပိုင်လင်း(ခ) အောင်နိုင်ကြွယ်(၃၄)နှစ်ရဲ့ ထွက်ဆိုချက်အရ အာရက္ခတပ်တော်ဟာ ဒီမူးယစ်ဆေးဝါးတွေ ရဲ့ ရောင်းချပြီး ရတာဟာ လက်နက်၊ ခဲယမ်းတွေ ဝယ်ယူဖြည့်တင်းနိုင်ဖို့ အတွက် ငွေကြေးရရှိနိုင်ဖို့ အတွက် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာလုပ်ကိုင်နေရပြီးတော့ အခုဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာလည်းရှမ်းပြည် နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ ဖမ်းဆီးရန်ကျန်တရားခံ ကိုစိုင်း၊ ကိုတရုတ်(ခ) စိုင်းအောင်လူ ဆီကနေ ဝယ်ယူခဲ့တာဖြစ်ပြီးတော့ မလေးရှားနိုင်ငံကို ပို့ဆောင်ရောင်းချဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုထားကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ စစ်ကောင်စီ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်ရဲ့ မူးယစ်ဆေးဝါးတွေလို့ စစ်ကောင်စီက တစ်ဖက်သတ် စွပ်စွဲပြောဆိုနေမှု နဲ့ပတ်သက်ပြီး ဟုတ်/မဟုတ်ဆိုတဲ့ အတည်ပြုချက်ကို ရရှိနိုင်ဖို့ အတွက် အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကို CNA က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီ အနေ နဲ့လည်း လက်ရှိ ဖမ်းဆီးရမိထားတဲ့ တရာခံတွေကို ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေးအတွက်ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ဖမ်းဆီးဖို့ ကျန်နေသေးတဲ့ တရားခံ ၂ ဦးကိုလည်း ဆက်လက်ဖမ်းဆီးသွားမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here