CNA၊မြတ်သူ။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က ကိုင်တွယ်ဖြေရှင်းနေတဲ့ မင်းပြားမြို့နယ် ဖားပြိုကျေးရွာအတွင်းက အသက် ၉ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့အမှုဟာ အခုအချိန်ထိ တစ်စုံတရာ ထူးခြားမှု မရှိသေးဘူးလို့ ကျူးလွန်ခံထားရတဲ့ မိသားစုဝင်တွေ နဲ့ နီးစပ်သူတွေကပြောပါတယ်။
“အမှုက ဘာမှမထူးခြားသေးဘူး။ဘာလုပ်နေတယ်ဆိုတာကိုလည်းမသိဘူး။တရားခံကိုတော့ ဖမ်းပြီးတော့ စစ်ဆေးနေတယ်လို့ပြောတယ်။အမှုအခြေ အနေကို ဘယ်လိုရှိနေတယ်ဆိုတာကိုတော့ မိသားစုကို မပြောဘူး”လို့ သိရတယ်လို့ ကျူးလွန်ခံထားရတဲ့သူ ရဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦး ကပြောပါတယ်။
မင်းပြားမြို့နယ် ဖားပြိုကျေးရွာက ဒေါ်ဆန်းအေးကြည် ရဲ့သမီးဖြစ်တဲ့ အသ က် ၉ နှစ်အရွယ် ကလေးငယ်ကို မေလ ၃ ရက်နေ့မှာ တစ်ရွာတည်းနေ အ သက် ၃၀ ကျော်အရွယ် မောင်လှသန်းဆိုသူက မုဒိမ်းကျင့်ကာ ကလေးငယ်ကို ရက်ရက် စက်စက်သတ်ဖြတ်ပြီးနောက် သစ်ပင်ပေါ်မှာလည်ပင်ကြိုးကွင်းစွပ်ကာ ချည် နှောင်ထားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဒီမုဒိမ်းမှုကို ကျူးလွန်ခဲ့တဲ့ အသက် ၃၀ ကျော်အရွယ် မောင်လှသန်းကို အာရက္ခတပ်တော် နဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က ဖမ်း ဆီးကာ စစ်ဆေးမှုတွေလုပ်ဆောင်နေပေမယ့် ရက်ပေါင်း ၂၀ ကျော်ကြာလာတဲ့ အချိန်အထိ အမှုအခြေအနေ နဲ့ ပတ်သက်ပြီးတော့ မိသားစုတွေ တစ်စုံတရာ မသိရှိရသေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် လက်ရှိအမှုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အာရက္ခပြည်သူ့တော် လှန်ရေး အစိုးရ အနေ နဲ့ အမှုကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးရေးကို မြန်မြန်ဆန်ဆန် လုပ်ပေးစေချင်တယ်လို့လည်း မိသားစု နဲ့ နီးစပ်သူကတောင်းဆိုပါတယ်။
“အခုအမှုကို ပျောက်သွားမှာစိုးတယ် အမှုကို မြန်မြန်လေး စစ်ဆေးပြီးတော့ ဖြေရှင်းပေးစေချင်တယ်။ဒီတောင်းဆိုမှုကိုက မိသားစုကိုယ်တိုင်က တောင်းဆိုချင်တာ ဒါပေမယ့် မိသားစုမှာလည်း ဖိအားတွေ ရှိနေတယ်။ပြည်တွင်းက အမျိုးသမီးအဖွဲ့အစည်းတွေကိုလည်း ဒီကိစ္စကို အာရက္ခပြည်သူ့ တော်လှန် ရေးအစိုးက အမြန်ဖြေရှင်းပေးဖို့ကို တောင်းဆိုမှုတွေ လုပ်ပေးစေချင်တယ် “လို့ သူက တောင်းဆိုပါတယ်။
ဒီအမှု နဲ့ ပတ်သက်ပြီးတော့ ရခိုင်အမျိုးသမီးအဖွဲ့အစည်း ဖြစ်တဲ့ Rakh aing Women’s Initiative Organization (RWIO)အပါအဝင် အဖွဲ့အစည်း ၁၂ ဖွဲ့က ကလေးငယ်ကို ရက်ရက်စက်စက် မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ သူကိုအကြီးမားဆုံးပြစ်ဒဏ်ပေးဖို့ အတွက် မေလ ၁၁ ရက်နေ့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို စာထုတ်ပြန်တောင်းဆိုထားခဲ့ပါတယ်။
ဒါ့အပြင် ဒီကိစ္စအတွက် တရားမျှတမှု ရရှိရေးအတွက် တိတ်ဆိတ်တာ၊နှောင့်နှေးတာ ဒါမှမဟုတ် လျစ်လျူရှုတာကို မဖြစ်သင့်ဘူးလို့လည်း အဖွဲ့အစည်း ၁၂ ဖွဲ့ အနေ နဲ့ ရှု့မြင်သုံးသပ်တယ်လို့ ဆိုထားပါတယ်။
တရားမျှတမှု နှောင့်နှေးတယ်ဆိုတာဟာ တရားမျှတမှုကို ငြင်းပယ်တာဖြစ်တယ်ဆိုတဲ့ ဆိုရိုးစကားရှိပြီးတော့ အဖွဲ့အစည်း ၁၂ ဖွဲ့ အနေ နဲ့လည်း အ ကြမ်းဖက်ခံရတဲ့ မိသားစုနဲ့အတူ၊ အကြမ်းဖက်မှုအမျိုးမျိုးက လွတ် မြောက်လာသူများနဲ့အမျိုးသမီး၊ ကလေးသူငယ်တိုင်းကို လုံခြုံအေးချမ်းခြင်းနဲ့အတူ ရပ်တည်တယ်လို့လည်းဆိုထားပါတယ်။
ဒါကြောင့် အခုဖြစ်သွားတဲ့ အဖြစ်ဆိုးကို လျစ်လျူမရှုဘဲ စစ်မှန်တဲ့ တာဝန်ခံမှု၊ တရားစီရင်မှုနဲ့ တရားမျှတမှုကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရက ယူဆောင်ပီးနိုင်မယ်လို့ မျှော်လင့်ယုံကြည်ထားတယ်လို့လည်း ဆိုထားပါတယ်။