Home လူ့အခွင့်အရေး စစ်မှုထမ်းကိစ္စကို ဆန္ဒပြခဲ့တဲ့တောင်ကုတ်ဒေသခံ တွေကို တစ်ပတ်ကြာတဲ့အထိ အေအေ ပြန်မလွှတ်ပေးသေး

စစ်မှုထမ်းကိစ္စကို ဆန္ဒပြခဲ့တဲ့တောင်ကုတ်ဒေသခံ တွေကို တစ်ပတ်ကြာတဲ့အထိ အေအေ ပြန်မလွှတ်ပေးသေး

26
0

CNA၊ မြတ်သူ။

စစ်မှုထမ်းခေါ်ယူနေတဲ့အပေါ် ဆန္ဒပြကန့်ကွက်ခဲ့တဲ့ တောင်ကုတ်ဒေသခံ ၅၀ ကျော်ကို အာရက္ခတပ်တော်က ဖမ်းဆီးထားပြီးတော့ လက်ရှိအချိန်ပြန်လွှတ် ပေးတာ မရှိသေးဘူးလို့ တောင်ကုတ်ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA က ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP မှာပါတဲ့ ရခိုင်ကလူငယ်တွေ ပြည်ပ နဲ့ ပြည်မကို ထွက်ခွါခွင့် မပြုကြောင်း နဲ့ စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါဝင် အချက် ၄ ချက်ကို ပြဋ္ဌာန်းပြီးတော့ မေလ ၂၂ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို တရားဝင်မထုတ်ပြန်ခင် အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ပြဋ္ဌာန်း ခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာပဲ အာရက္ခတပ်တော်က ပြဋ္ဌာန်းလိုက်တဲ့ NDEP ပါ အချက် ၄ ချက်ကို တောင်ကုတ်ဒေသခံတွေ အနေ နဲ့ ဒေသခံတွေလိုလားမှု မရှိတာကြောင့် အဲဒီမေလ ၁၈ ရက်နေ့မှာပဲ ဒေသခံ ၅၀ ကျော်ဟာ ဒီပြဋ္ဌာန်းချက်ကို ကန့်ကွက်ဆန္ဒပြခဲ့တာဖြစ်ပြီးတော့ အဲဒီလို ဆန္ဒပြတောင်းဆိုခဲ့သူတွေကို
အာရက္ခတပ်တော်က ဖမ်းဆီးခဲ့တာ တာဖြစ်တယ်လို့ တောင်ကုတ်ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။

တောင်ကုတ် သတင်းအရင်းမြစ်တစ်ဦးက ” အဓိက ဖြစ်တာက ၂၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ စစ်မှုထမ်းကိစ္စ သူတို့ သတင်းထုတ်ပြန်တာက ၂၂ ရက်နေ့မှာမှ တရားဝင်ထုတ်ပြန်တာ။မြေပြင်မှာက ဒီကိစ္စကို အကောင်အထည်ဖော်နေတာကြာနေပြီ။ဒီပြဋ္ဌာန်းချက် နဲ့ အတူ နယ်မြေမှူးဆိုတဲ့ သူတွေက အေအေ ဆီမှာ စစ်သားဖြစ်ပြီးတော့ တိုက်ပွဲမှာ ကျရှုံးသွားခဲ့ရတဲ့ သူတွေ ရဲ့ နေအိမ်တွေမှာ ကျန်နေခဲ့တဲ့ သားသမီးတွေကိုလည်း ထပ်ပြီးတော့ စစ်မှုထမ်းဝင်ရမယ်ဆိုပြီးတော့ လုပ်လာလို့ ဒီပြသနာက စဖြစ်လာတာ ဖြစ်တယ်။ဘယ်မိဘ ကမှ သားတစ်ယောက်လည်းသေထားပြီးပြီ နောက်ရှိတဲ့ တစ်ယောက်ကိုလည်း ထပ်ပြီးတော့ စစ်မှုထမ်းရမယ်ဆိုတော့ လက်မခံဘူးပေါ့။အခုကတော့ ဖမ်းထားတဲ့ သူတွေကို တစ်ယောက်မှကို ပြန်မလွှတ်ပေးသေးဘူး။တွေ့ခွင့်လည်း မရကြဘူးလို့သိရတယ်”လို့ သူကပြောပါတယ်။

လက်ရှိဖမ်းဆီးခံထားရသူတွေဟာ တောင်ကုတ်မြို့နယ်အတွင်းမှာ ရှိတဲ့ ကံပြင်၊ သကယ်ကျွန်း၊ ဆားပြင်၊ တန်းလွဲရွာမ၊ ကင်းတောင်ရွာ၊ လမုမော်ကျေးရွာက ဒေသခံ တွေ ဖြစ်ကြပြီးတော့ အာရက္ခတပ်တော် ကို အရင်ကတည်းကပင် ခိုင်ခိုင်မာမာ ထောက်ခံတဲ့ သူတွေ နဲ့ သားသမီးတွေ အာရက္ခတပ်တော်ဆီမှာ ရဲဘော်အဖြစ် နဲ့ ဝင်ရောက်တိုက်ပွဲဝင်နေကြတဲ့ သူတွေ ရဲ့မိဘတွေ နဲ့ မိသားစုဝင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် အနေ နဲ့ကတော့ တောင်ကုတ်က ဆန္ဒပြတောင်းဆိုခဲ့တဲ့ သူတွေကို ဖမ်းဆီးထားတာ နဲ့ ပတ်သက်ပြီးတော့ တစ်စုံတရာ ထုတ်ပြန်ပြေဆိုတာတွေ မရှိသေးသလို CNA သတင်းဌာန အနေ နဲ့ အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားပေမယ့် တစ်စုံတရာ ပြန်လည်ဖြေကြားပေးတာတော့ မရှိသေးပါဘူး။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ပြဋ္ဌာန်းချက် နဲ့ ပတ်သက်ပြီးတော့ ရခိုင်ဒေသခံတချို့အနေ နဲ့ ထောက်ခံမှုတွေ ရှိနေသလို ဒီပြဋ္ဌာန်းချက်ဋ္ဌာန်းလိုက်တာဟာ စောလွန်းနေသေးတဲ့ အတွက် အခုလို မလိုလားအပ်တဲ့ ပြသနာတွေဖြစ်လာနေတာ ဖြစ်ပြီးတော့ ဒီကစ္စကို သေသေချာချာ ပြန်လည်ကိုင်တွယ်မဖြေရှင်းဘူးဆိုရင် အခြေအနေက ဒီထက်ဆိုးရွာစွာဖြစ်လာနိုင်တယ်လို့လည်း အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ထောက်ပြပြောဆိုပါတယ်။

“ကျနော့် အမြင်ကို ပြောရင် ဒီပြဋ္ဌာန်းချက် ကနည်းနည်းစောသေးတယ်လို့ မြင်တယ် အခုဟာက စစ်ပွဲကာလမှာ လူတွေက စိတ်ဒဏ်ရာများစွာ နဲ့ ကြုံတွေ့ခဲ့ရပြီးတော့ ရုန်းထွက်ဖို့ကြိုးစားနေတဲ့ အချိန် အဲဒီအချိန်မှာ စစ်မှုထမ်းကိစ္စကို အတင်းလုပ်လာတော့ သူတို့မှာ ဆုံးရှုံးသွားတဲ့ ဆုံးရှုံးမှုတွေကိုတောင် ပြန်ကုစားနိုင်ဖို့ အချိန်မရသေး ဒီကိစ္စကို လုပ်လိုက်တယ်ဆိုတော့ ပြည်သူတွေက လက်မခံနိုင်ဘူးဖြစ်သွားတာ။ဒီဥပဒေ ဒီပြဋ္ဌာန်းချက် ကိုကျနော်ထောက်ခံတယ် ဒါပေမယ့် စောနေသေးတယ်လို့မြင်တယ်။ စစ်တပ်ကလည်း စစ်တပ်အမြင် နဲ့ သူ့နယ်မြေ သူ့ပြည်သူကို ကာကွယ်ဖို့လုပ်တာမှန်တယ်ဆိုပေမဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို ကြည့်တတ်ဖို့လိုတယ်။ အခုအချိန်မှာ ဒီကိစ္စကို သေသေချာချာ မဖြေရှင်းတတ်ရင်တော့ ပြသနာကို ပိုကြီးလာမယ်လို့ မြင်တယ်”လို့ သူက သုံးသပ်ပြောဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here