Home သတင်း စစ်ရေး ကျောက်ဖြူမှာ သုံးရက်တာတိုက်ပွဲရပ်နားပြီး ဒီနေ့ ပစ်ခတ်သံတွေပြန်ထွက်လာ

ကျောက်ဖြူမှာ သုံးရက်တာတိုက်ပွဲရပ်နားပြီး ဒီနေ့ ပစ်ခတ်သံတွေပြန်ထွက်လာ

11
0

CNA၊မြတ်သူ။

ကျောက်ဖြူမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ရဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေတွေဟာ ၃ ရက်တာ ရပ်နားပြီး နောက်ဒီနေ့မှာတော့ ပစ်ခတ်သံတွေ ပြန်ကြားလာရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကပင် ၃ ရက်နေ့အထိ ပစ်ခတ်မှုတွေငြိမ်သက်ခဲ့ပြီးတော့ ဒီနေ့ မနက်ပိုင်းမှာတော့ ၃၂ ရဲတပ်ရင်း နဲ့ OGT အနီတဝိုက်က ပစ်ခတ်သံတွေ ပြန်လည်ထွက် ပေါ်လာတာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

“အခု တိုက်ပွဲငြိမ်နေတာ ၃ ရက်ရှိခဲ့တယ်။ဒီမနက်မှာတော့ ပစ်ခတ်သံတွေ ရဲတပ်ရင်း အနား နဲ့ OGT ဘက်က ကြားနေရတယ်။ဒရုန်းတွေလည်း ပျံတယ်။စကစ ကလက်နက်ကြီးတွေ နဲ့လည်း ပစ်နေတယ်”လို့ ဒေသခံ သတင်းရင်းလမြစ်ကပြောပါတယ်။

အာရက္ခတပ်တော် အပါအဝင် ညီနောင်မဟာမိတ်တပ်တွေဟာ ငလျင်ကယ်ဆေးရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နိုင်ဖို့အတွက် ဆိုကာ ဒီဇွန်လ တစ်လတာကို ထပ်မံအပစ်ရပ်ကာလအဖြစ်သက်တမ်းတိုးထားတာရှိသလို စစ်ကောင်စီကလည်း တစ်ဖတ်သတ် ပစ်ခတ်တိုက်ခိုက်မှုကို ထပ်မံ သက် တမ်းတိုးထားတယ်လို့ ထုတ်ပြန်ထားကြပါတယ်။

ပြီးခဲ့တဲ့ မေလ အတွင်းမှာ စစ်ကောင်စီရဲ့ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ကြောင့် ကျောက်ဖြူမြို့နယ် အတွင်းမှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ဟာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးလာခဲ့ရတာရှိခဲ့ပြီး အာရက္ခတပ်တော်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ အတွက် စစ်ကောင်စီဟာ မင်းတက်တောင်ကာကင်း စခန်း နဲ့ စက်မှုလက်မှုသင်တန်းကျောင်းစခန်းက ကာကင်းစခန်းတွေကို လက်လွတ်ခဲ့ရတာရှိခဲ့ပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်ကို ထိုးစစ်ဆင်ဖို့ တက်လာတဲ့ တပ်မ ၁၁ ခြေမြန် တပ်ရင်းဌာနချုပ်က ဗိုလ်မှူးချုပ်ကျော်မျိုးအောင် အပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော်လောက်ဟာလည်း အာရက္ခတပ်တော် စနိုက်ဘာတပ်ဖွဲ့တွေ ရဲ့ ပစ်ခတ်ရှင်းလင်းမှုကို ခံခဲ့ရတဲ့ အတွက် သေဆုံးတာလည်း ရှိခဲ့ပါတယ်။

မေလ ၃၀ ရက်နေ့မှာလည်း အင်အား ၉၀ လောက် နဲ့ ထိုးစစ်ဆင် တက်လာတဲ့ စစ်ကြောင်း နဲ့ အာရက္ခတပ်တော် တို့ဟာ ကျောက်ဖြူမြို့ မင်းတက်တောင် အနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာရှိခဲ့ပြီး အဲဒီတိုက်ပွဲ အတွင်းမှာ စစ်ကြောင်းကို ဦးဆောင်လာတဲ့ ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင် အပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်လောက်ကို အာရက္ခတပ်တော်က အရှင်လက်ရ ဖမ်းဆီးနိုင်ခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here