Home နိုင်ငံရေး တောင်ကုတ်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အိမ်/ခြံခွန် စတင်ကောက်ခံမှုကြောင့် ဒေသခံတွေ အခက်တွေ့နေ

တောင်ကုတ်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အိမ်/ခြံခွန် စတင်ကောက်ခံမှုကြောင့် ဒေသခံတွေ အခက်တွေ့နေ

12
0

CNA၊မြတ်သူ။

အာရက္ခတပ်တော်က အပြီးသတ်ထိန်းချုပ်ထားပြီးဖြစ်တဲ့ တောင်ကုတ်မြို့နယ် အတွင်းမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အိမ်၊ ခြံမြေအခွန်တွေကို စတင်ကောက်ခံမှုတွေ ရှိနေပြီလို့ ဒေသခံတွေဆီကသိရပါတယ်။

အဲဒီလို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက အိမ်၊ခြံမြေအခွန်တွေကို စတင်ကောက်ခံလာနေတာကြောင့် စစ်ပွဲအပြီး အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ ဒေသခံ ပြည်သူတွေဟာ အခွန်ပေးသွင်းနိုင်ဖို့အတွက် ငွေကြေးအခက်အခဲတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ တောင်ကုတ်မြို့ခံ တစ်ဦးက ပြောပါတယ်။

“အလုပ်လက်မဲ့ ဖြစ်နေတဲ့ အချိန်မှာ အခုလို အခွန်ကိစ္စကို လုပ်လာတော့ ပြည်သူတွေတော်တော် ခက်ခဲလာကြတယ်။အခွန်ကောက်တာကို မထောက်ခံတာ မဟုတ်ဘူး။ဒါပေမယ့် ဒီလိုအချိန်မှာ အခွန်ကောက်လာတယ်ဆိုတာက ပြည်သူတွေ အတွက် တော်တော် ခက်ခဲလာတယ်”လို့ သူကပြောပါတယ်။

လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက ကောက်ခံမှုလုပ်နေတဲ့ အခွန်နူန်းထားတွေကတော့ အိမ်၊ ခြံမြေ ရဲ့ ဒေသပေါက်စျေး ကာလတန်ဖိုး ရဲ့ ၅ ရာခိုင်နူန်းကို တစ်နှစ်ချင်းအလိုက် ပေးအပ်ရမှာ ဖြစ်တယ်လို့ပြောဆိုထားကြောင်းကိုလည်း သူကဆိုပါတယ်။

ဒါ့အပြင် အခွန်ဆောင်တဲ့ နေရာမှာလည်း လက်ရှိကာလတန်ဖို့ သိန်း ၁၀၀ ရှိတဲ့ နေအိမ်ရဲ့ အခွန် ၅ ရာခိုင်နူန်းကိုလည်း တစ်ကြိမ်တည်းနဲ့ အပြီး အခွန်ပေး အပ်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒါကြောင့် လက်ရှိမှာအလုပ်လက်မဲ့ ဖြစ်နေကြတဲ့ ပြည်သူတွေ အနေ နဲ့ လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ချမှတ်လိုက်တဲ့ အခွန်စည်း ကမ်းချက်ဟာ အလွန်ပြင်းထန်တဲ့ အတွက် ပြည်သူတွေ အနေ နဲ့ အခက် အခဲတွေ နဲ့ များစွာရင်ဆိုင်လာနေရတာဖြစ်တယ်လို့လည်း နောက်ထပ် တောင်ကုတ်ဒေသခံ တစ်ဦးကပြောပါတယ်။

“ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာကိုတော့မသိဘူး။အခုဟာက ပေးစရာလည်း တစ်ပြားမှမရှိဘူး။တိုက်ပွဲ အတွင်းက ပျက်သွားတဲ့ အိမ်တွေကိုတောင် လူတွေ ပြန်မပြင်နိုင်သေးတာ အခု အခွန်ကလည်း တစ်လုံးတရင်းတည်း သွ င်းရမှာကတော့ အရမ်းကြီးပြင်းထန်လွန်းတယ်လို့ မြင်မိတယ်။ဖြစ်လည်း မဖြစ်သင့်တဲ့ အခြေအနေလို့ မြင်တယ်”လို့ သူကပြောပါတယ်။

အဲဒါကြောင့် လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးက ကောက်ယူမှုရှိနေတဲ့ အခွန်ကိစ္စကို ပြည်သူတွေကို စာနာသနားတဲ့ အနေ နဲ့ လျှော့လျှော့ပေါ့ပေါ့ လုပ်ပေးစေချင်တယ်လို့လည်း သူက တောင်းဆိုပါတယ်။

လက်ရှိ ဒီတောင်ကုတ်မြို့နယ် အတွင်းမှာ စတင်ကောက်ခံနေတဲ့ အိမ်၊ခြံမြေ အခွန်ကောက်ယူမှု ကိစ္စ နဲ့ ပတ်သက်ပြီးတော့ အာရက္ခတပ်တော်က တစ်စုံတရာ ထုတ်ပြန်ပြောဆိုလာတာမရှိသေးသလို အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကို ဒီအခွန်စတင်ကောက်ယူမှု နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင် ဖို့အတွက် CNAက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here