CNA ၊ဟိန်းထက်။
ကျောက်ဖြူမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ရဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာနေတာကြောင့် ကျောက်ဖြူတရုတ်စီမံကိန်းက အရာရှိတချို့ဟာ ရန်ကုန်သို့ စတင်ပြောင်းရွှေ့တာတွေ လုပ်ဆောင်နေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ဒီဇွန်လ တစ်လတာကို နှစ်ဖက်အပစ်ရပ်သက်တမ်းတိုးမယ်လို့ ကြေညာထားကြပေမယ့် ကျောက်ဖြူမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေ ရဲ့ ထိုးစစ်တွေကြောင့် နေ့စဉ်နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးလာနေတာကြောင့် အခုလို တရုတ်စီမံကိန်းက အရာရှိတချို့ဟာလည်း ကျောက်ဖြူကနေ ရန်ကုန်ကို စတင်ပြောင်းရွှေ့မှုတွေ ရှိလာနေတာ ဖြစ်တယ်လို့ ကျောက်ဖြူမြို့ဒေသ သတင်းရင်းမြစ်ကပြောပါတယ်။
“ပြောင်းနေကြတာက လအစပိုင်းကတည်းကပင်ပြောင်းနေကြတာ။တိုက်ပွဲက ဒီလအစပိုင်း ၃ ရက်လောက်က မဖြစ်တာ ရှိခဲ့တယ် အဲဒီအချိန်ကတည်းစပြီးတော့ ပြောင်းကြတာပါ။အကုန်သူပြောင်းသွားတာတော့ မဟုတ်ဘူး အကြီးပိုင်းတချို့ပြောင်းတာ။ဒီမှာက သူတို့လုံခြုံရေး အဖွဲ့တွေ နဲ့ နောက်ဝန်ထမ်းတွေကတော့ ရှိနေဆဲ ဖြစ်တယ်”လို့ သူကပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေဟာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တဲ့ ဓည၀တီ ရေတပ်ဌာနချုပ်၊ OGT စက်ရုံဝင်း၊ ရဲတပ်ရင်း ၃၂ အနီးက ကာကင်းစခန်းတွေကို ပြန်လည်ရရှိနိုင်ဖို့ ကြည်း၊ရေ၊လေ နဲ့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ အဲဒီဒေသတွင်းသတင်းရင်းမြစ်က ဆက်လက်ပြောဆိုပါတယ်။
“ဒီရက်ပိုင်းတွေမှာ စစ်ကောင်စီက လေကြောင်းကလည်း တော်တော် ပြင်းပြင်းထန်ထန်တိုက်ခိုက်လာတယ်။ပြီးတော့ ရေတပ်သင်္ဘောတွေကလည်း လက်နက်ကြီးပစ်ကူ နဲ့ စစ်လက်နက်တွေပို့နေတာတွေရှိနေတယ်။ပြီးတော့ ဟယ်လီကော်ပတာတွေနဲ့လည်း စစ်အင်အားတွေပို့နေတာရှိတယ်။အခုက စစ်ကောင်စီက သူတို့ လက်လွတ်ထားခဲ့ရတဲ့ ကာကင်းစခန်းတွေကို ပြန်ရဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာတာလို့ ပြောရမယ်။အေအေက ထိုးစစ်ဆင်တာမဟုတ်ဘူး”လို့သူကပြောပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ပြီးနောက်ပိုင်းမှာ ရခိုင်က မြို့နယ် ၁၇ ခု ရှိတဲ့ အထဲက မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီးဖြစ်ပေမယ့် ကျောက်ဖြူ ၊စစ်တွေ နဲ့ မာန်အောင်မြို့နယ်တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက် ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။
အဲဒီလိုသိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ မြို့တွေထဲက စစ်တွေ နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံ့မှုတွေ ရှိတဲ့ အတွက် အဲဒီရင်နှီးမြုပ်နှံ့မှုတွေ ထိခိုက်မှုမရှိရအောင် အာရက္ခတပ်တော် အနေ နဲ့ အကန့်အသတ်တွေ နဲ့ တိုက်ပွဲတွေကို ဖော်ဆောင်ကာလုပ်ဆောင်နေရတာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပြောဆိုထားပါတယ်။