ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က တိုက်ခိုက်ရေးလေယာဉ်တစ်စီးပျက်ကျခဲ့ရတာဟာ လေ့ကျင့်ပျံသန်းနေချိန်မှာစက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ရတာ ဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ” တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ လေ့ကျင့်ပျံသန်းရေးဆောင်ရွက်နေချိန် ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ ပုလဲမြို့နယ်၊မင်းတိုင်ပင်ကျေးရွာ ရဲ့ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ စပါးစေ့ကျေးရွာအနီး အရောက်မှာ ရုတ်တရက်စက်ချို့ယွင်းမှု ဖြစ်ပြီးတော့ မြေပြင်သို့ ပျက်ကျခဲ့ရပြီး မီးလောင်မှု ဖြစ်ပွါးခဲ့ရတာ ဖြစ်တယ်“လို့ ဆိုထားပါတယ်။
ဒါ့အပြင် အဲဒီလေယာဉ်ပျက်ကျခဲ့တဲ့ နေရာအနီးတဝိုက်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုအပ်တာတွေကို ဆောင်ရွက်နေပြီးတော့ လေယာဉ်ရဲ့ စက်ချို့ယွင်းမှုဖြစ်တဲ့ အကြောင်းအရင်းတွေကို စစ်ဆေးနေတယ်လို့ ဆိုထားပါတယ်။
တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကတော့ အဲဒီဂျက်တိုက်လေယာဉ်ဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်းကို လေကြောင်းပစ်ကူလာပေးချိန်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAက ပစ်ချနိုင်ခဲ့တာ ဖြစ်ပြီးတော့ လေယာဉ်မီးလောင်ပျက်စီးနေမှု နဲ့ ပျက်ကျသွားတဲ့ လေယာဉ်ရဲ့ အစိတ်အပိုင်းတချို့ရှာဖွယ် ရရှိမှုကို ရုပ်သံ နဲ့ တ ကွ ချပြလာတာ တွေ့ရပါတယ်။
ဒါ့အပြင် လက်ရှိမှာ ပျက်ကျသွားခဲ့ရတဲ့ လေယာဉ်အမျိုးအစား နဲ့ လေယာဉ်မှူးသေဆုံးမှုရှိမရှိဆိုတဲ့ အခြေအနေတွေကို ဆက်လက်စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိ ပစ်ချခံလိုက်ရတဲ့ လေယာဉ်ဟာ မကွေးလေတပ်စခန်းကနေ တက်လာတဲ့ လေယာဉ်ဖြစ်တယ်လို့လည်း ဝေဟင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှာ ကချင်ပြည်နယ် ၊ ဗန်းမော်မြို့က စကခ ၂၁ ကို စစ်ကူလာတဲ့ ရဟာတ်ယာဉ် ၃ စီးထဲကတစ်စီးကို KIA ကပစ်ခတ်ခဲ့လို့ ပျက်ကျသွားခဲ့တဲ့ ဖြစ်စဉ်တုန်းကလည်း အဲဒီ ရဟတ်ယာဉ်ပျက်ကျတာဟာ စက်ချို့ ယွင်းမှုကြောင့် ပျက်ကျသွားတာဖြစ်တယ်လို့ထုတ်ပြန် ပြောဆို ခဲ့တာလည်း ရှိခဲ့ပါသေးတယ်။
လက်ရှိ စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက်အတိုင်းဆိုရင် သူတို့ အဓိက အားထားနေရတဲ့ တိုက်ခိုက်ရေး လေယာဉ်တွေဟာ ဒီလပိုင်းတွေမှာ မကြာခဏဆိုသလို လေယာဉ်စက်ချို့ယွင်းပြီး ပျက်ကျတာတွေ ခဏခဏ ရှိလာနေတာကို တွေ့နေရ ပါတယ်။