ရခိုင်တိုင်းရင်းသားများပါတီ RNP ကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ၊နည်းဥပဒေတွေ နဲ့ ညီညွတ်ကြောင်း စီစစ်တွေ့ရှိရတာကြောင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ခွင့်ပြုပေးလိုက်တယ်လို့စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။
ရခိုင်တိုင်းရင်းသားများပါတီ RNP ဟာ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားကိုယ်စားပြုပါတီ အနေ နဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွင် ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့် ကို စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ဆီမှာ လျှောက်ထားခဲ့တာဖြစ်ပြီးတော့ နှစ်လအကြာမှာ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ကို ခွင့်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အတွက် ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့တဲ့ RNP ပါတီဟာ ကျောက်ဖြူမြို့အတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန် ဦးဆောင်ပြီးတော့ ရခိုင်အမျိုးသားပါတီ ANP ပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတချို့ နဲ့ စီးပွါးရေးလုပ်ငန်းရှင်တချို့က ပူးပေါင်းပြီးတော့ ထူထောင်ထားတဲ့ ပါတီတစ်ခု ဖြစ်တယ်လို့လည်း CNA က စုံစမ်းသိရှိထားရပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပါတီကို ဦးဆောင်ဖွဲ့စည်းနေသူဆိုပြီး နာမည်ထွက်နေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်ကို CNA အနေ နဲ့ အတည်ပြုဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့တာ မရှိခဲ့ပါဘူး။
စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း နဲ့ ၂၀၂၆ ဇန်နဝါရီလ အတွင်းမှာ ရွေးကောက်ပွဲကို ကျင်းပသွားမှာ ဖြစ်ကြောင်းကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ခဏခဏထုတ်ပြန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။
အဲဒီစစ်ကောင်စီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အတွက် ပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့ ပါတီ ၂၇ ဖွဲ့အထိရှိပြီးတော့ အဲဒီထဲက နိုင်ငံရေးပါတီသစ် ၁၇ ခုကိုစစ်ကောင်စီက ပါတီတည်ထောင်ခွင့်အတွက် ခွင့်ပြုထားပြီးဖြစ်တယ်လို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။
အဲဒီလို ပါတီတည်ထောင်ခွင့် ခွင့်ပြုလိုက်ပြီးဖြစ်တဲ့ နိုင်ငံရေးပါတီတွေဟာ ခွင့်ပြုချက်ပေးတဲ့ ရက် ၃၀ အတွင်းမှာ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့အညီ ကော်မရှင်ထံကို မှတ်ပုံတင်ပေးဖို့ကို လျှောက်ထားရမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲကို ရခိုင်ကိုယ်စားပြု အနေ နဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် ဒေါက်တာ အေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ AFP ပါတီကိုလည်း စစ်ကောင်စီက ပါတည်တည်ထောင်ခွင့် ပြုထားသလို နောက်ထပ်ပါတီတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSNUP ကိုလည်း စစ်ကောင်စီက ပါတီတည်ထောင်ခွင့်ပြုပေးထားတာ ရှိပြီးတော့ မှတ်ပုံတင်လျှောက်ထားမှုတွေကိုလည်း စစ်ကောင်စီက ခွင့်ပြုထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရခိုင်မျိုးနွယ်စုတွေ ဖြစ်ကြတဲ့ မြိုတိုင်းရင်းသားပါတီ နဲ့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တွေကိုလည်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခြင်းအထိခွင့်ပြုပေးထားပြီးတော့ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲမှာ ရခိုင်က ပါတီ ၅ ခုအထိကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် စစ်ကောင်စီက ခွင့်ပြုချက်ပေးထားတာလည်း ဖြစ်ပါတယ်။