တနင်္သာရီမြို့နယ်ထဲမှာ ရှိတဲ့ KNU/KNLA တပ်ရင်း(၁၁) နယ်မြေအတွင်းက မောတောင်နယ်စပ်တပ်စခန်းကို အကြမ်းဖက် စစ်ကောင်စီက တပ်အချိန်းအပြောင်းပြုလုပ်ဖို့ နဲ့ မောတောင်- ထုံခါလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ဖို့ ၊ မောတောင်မြို့မှာ ရှိတဲ့ ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးရန်အတွက် KNU ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို KNU/KNLA နဲ့ တော် လှန်ရေး တပ်တွေက ပူးပေါင်းကာပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့ အတွက် စစ်ကောင်စီဘက်ကအကျအရှုံးများရင် နဲ့ရင်ဆိုင်နေရတယ်လို့ BLACK COBRA COLUMN (BCC) က မနေ့က သတင်းထုတ်ပြန်လာပါတယ်။
ထုတ်ပြန်ချက်ထဲမှာ “KNLA တပ်ရင် (၁၁)၊တနင်္သာရီမြို့နယ် KNU နယ်မြေအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ကျွန်ုပ်တို့ KNU/KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စုပေါင်းညီညွတ်စွာခုခံတိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အထိအခိုက်အကျဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး သိန်ခွန်းကျေးရွာအနီးကနေ ရှေ့သို့ ဆက်မတိုးနိုင်ဒါဟာ ဒီနေ့(၁၈-၆-၂၀၂၅)ရက်နေ့မှာဆိုရင် ( ၆) လတိတိ ပြည့်လာပြီဖြစ်တယ်”လို့ ဆိုထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ မောတောင်- ထုံခါလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ဖို့ ၊ မောတောင်မြို့မှာ ရှိတဲ့ ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးဖို့ နဲ့ မောတောင်နယ်စပ်တပ်စခန်းကိုရောက်ရှိနိုင်ဖို့အတွက် ထိုးစစ်ဆင်ဝင်ရောက်နေတာဟာ မနေ့ကဆိုရင် ၆ လတာ အထိကြာနေပြီးဖြစ်ပေမယ့် ရှေ့ဆက်မတိုးနိုင်ဘဲ KNU/KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဆီမှာ အကျအရှုံးများစွာ နဲ့ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်လာရာလမ်းတလျှောက်နဲ့ အနီးဝန်းကျင်မှာ ရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ ကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရတာတွေ ရှိသလို ဒေသခံ ပြည်သူတွေဟာလည်း စစ်ဘေးရှောင် အဖြစ်နဲ့ ထွက်ပြေးနေရတာဟာ ၆ လထိကြာမြင့်လာနေပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်တာ မရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေကို လုပ်ဆောင်တာတွေ ရှိနေတဲ့ အတွက်လည်း ပြည်သူတွေ အနေ နဲ့ ဘေးကင်းလုံခြုံရေးအစီအမံတွေ အနေ နဲ့ ဗုံးခိုကျင်းတွေကို တူးထားဖို့ လိုအပ်ကြောင်းကိုလည်း BLACK COBRA COLUMN (BCC) ကတိုက်တွန်း ပြောဆိုထားပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီ ရဲ့ (၆)လတာထိုးစစ်အတွင်းမှာ စစ်ဘေးဒဏ်အခံရဆုံး ကျေးရွာတွေဖြစ်ကြတဲ့ ချောင်းနှစ်ပေါက်ရွာ နဲ့ သိန်ခွန်းကျေးရွာက စာသင်ကျောင်းများ၊ ဘုန်ကြီးကျောင်းများ နဲ့ ကောင်းမွန်ခိုင်မာတဲ့ တိုက်အိမ်တွေမှာလည်း ယာယီတပ်စခန်းတွေအဖြစ် နဲ့ အခိုင်အမာတပ်စွဲနေထိုင်တာတွေ ရှိနေပြီးတော့ ပြည်သူတွေကိုလည်း ကျေးရွာအတွင်းကို ဝင်ခွင့်မပြုဘဲ စစ်ကောင်စီတပ်တွေ ရဲ့ နှင်ထုတ်တာကို ခံထားရတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် စစ်ဆင်ရေးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးဒဏ်ကြောင့် လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး၊ ပညာရေး ထိခိုက်မှုများ ပိုမိုခံစားလာကြရတာတွေကို မြင်တွေ နေရတယ်လို့ ဆိုပါတယ်။