CNA ၊မြတ်သူ။
ကျောက်ဖြူမြို့ အတွင်းက စစ်ကောင်စီရဲ့ ကာကင်းစခန်းတစ်ခု ဖြစ်တဲ့ ပြိုင်းစေ့ကေကာကင်းစခန်းကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်ရရှိထားပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီကိုလည်း အာရက္ခတပ်တော်က အရှင်ဖမ်းဆီးရမိထားတယ်လို့ အာရက္ခတပ်တော် ရဲ့ ကျောက်ဖြူစစ်ရေး သတင်ရင်းမြစ်က ပြောပါတယ်။
အဲဒီပြိုင်စေ့ကေ ကာကင်းစခန်းဟာ ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်း ကို မရောက်ခင်မှာ ရှိတဲ့ ကာကင်းစခန်း ဖြစ်ပြီးတော့ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီတပ်စခန်းကို အာရက္ခတပ်တော်က ဒီရက်ပိုင်း အတွင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
“အဲဒီတပ်စခန်းက ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်း ရဲ့ ကာကင်းစခန်းတစ်ခုပါ။အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ အဲဒီမှာ စစ်ကောင်စီတပ်သား ရာကျော်ရှိတယ်။လက်နက်ကြီးတွေ တပ်ဆင်ထားတာတွေလည်း ရှိတယ် စစ်ကောင်စီဘက်က အကျအရှုံးလည်းများတယ်။အရှင်ဖမ်းဆီးရမိထားတာကလည်း ရာချီရှိတယ်။အခုအဲဒီစခန်းကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီးဖြစ်တယ်”လို့သူကပြောပါတယ်။
အာရက္ခတပ်တော်ဟာ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ဆင်နွဲနိုင်ဖို့အတွက် လက်ရှိမှာ အမှတ် ၃၂ ရဲတပ်ရင်းကို ဦးတည်တိုက်ခိုက်လာနေတာ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အာရက္ခတပ်တော်ဟကျောက်ဖြူမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ(၅၄၂)၊ ခမရ(၅၄၃)နဲ့ ခလရ(၃၄)စတဲ့တပ်ရင်းတွေ နဲ့ လေဆိပ်၊စရဖ ရုံး စတဲ့ နေရာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်း ရှိခဲ့ပါတယ်။
အဲဒီနောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာ နေ့စဉ်လိုလို အာရက္ခတပ်တော်ဆီမှာ လက်နက်ချအလင်းဝင်တာ ထွက်ပြေးတာတွေလည်း ဆက်တိုက်ရှိနေတယ်လို့ အဲဒီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“အခုကတော့ မြို့သိမ်းဖို့ချီတက်လာနေတာဖြစ်တယ်လို့ မြင်တယ်။ စစ်ကောင်စီဘက်ကတော့ လက်နက်ချအညံ့ခံတာတွေလည်း တော်တော် များလာနေတယ်။အကုန်လုံးက ကြောက်နေကြပြီ တချို့ဆိုရင် လက်နက်ချ အညံမခံဘဲ နဲ့ တရုတ်စီမံကိန်းတွေထဲဝင်ပြီး ပုန်းနေတဲ့ အကောင်တွေလည်း တော်တော် များများရှိနေတယ်”လို့ သူကဆိုပါတယ်။
ဒါ့အပြင် တဖက်မှာလည်း စစ်ကောင်စီဟာ ကျောက်ဖြူမြို့မကျရှုံးစေရေးအတွက် အရင်ကတည်းကပင် မာန်အောင်ဘက်ကို ပို့ဆောင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ကူပေးပို့တာတွေကိုလည်း ဆက်တိုက်ရှိနေတယ်လို့ ဆိုပါတယ်။