ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ပုလဲမြို့နယ် အတွင်းက ကန့်ဒေါင့်ရဲစခန်းမကျရှုံးစေရေးအတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀၀ ကျော် ဗုံးအလုံးရေ ၅၀၀ ကျော်ထိ ကြဲချတိုက်ခိုက်ကာ ခုခံခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAက ဆိုထားပါတယ်။
အဲဒီပုလဲမြို့နယ် အတွင်းမှာ ရှိတဲ့ ကန့်ဒေါင့်ရဲစခန်းဟာ စစ်ကောင်စီက အခိုင်အမာတပ်စွဲထားတဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။
အဲဒီတပ်စခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ဇွန်လ ၂ ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီးတော့ ဇွန်လ ၁၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
တိုက်ပွဲကာလအတွင်မှာ စစ်ကောင်စီဟာ အဲဒီတပ်စခန်းမကျရှုံးစေရေးအတွက် ဂျက်ဖိုက်တာတွေ၊ Y12 ဗုံးကြဲလေယာဉ်တွေ၊ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ စက်တပ်လေထီးတွေ နဲ့ လေကြောင်းပစ်ကူ အကြိမ်ရေ ၂၀၀ ကျော် နဲ့ ဗုံးသီးအလုံးရေ ၅၀၀ကျော်ထိ တရစပ်ပစ်ကူပေးခဲ့တယ်လို့လည်း ဆိုထားပါတယ်။
အဲဒီလို တိုက်ပွဲ ကာလအတွင်းမှာ ပစ်ကူလာပေးတဲ့ စစ်ကောင်စီရဲ့ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကပစ်ချနိုင်ခဲ့ပြီးတော့ လေယာဉ်တစ်စီးလည်းပျက်ကျခဲ့ပြီးတော့ လေယာဉ်မှူးဟာလည်း သေဆုံးတာ ရှိခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လက်ရှိသိမ်းပိုက်ရရှိလိုက်တဲ့ ကန့်ဒေါင့်ရဲစခန်းဟာ အချက်အချာကျတဲ့ အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ) လမ်းပိုင်းမှာ တည်ရှိတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံအထိ သွားလာနိုင်တဲ့ အ တွက် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာတစ်ခုလည်းဖြစ်ပြီးတော့ ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်းပြီးရင် ဒုတိယအကြီးဆုံး ရဲစခန်းတစ်ခုဖြစ်ပြီးတော့ ဘန်ကာတွေ၊ မိုင်းကွင်းတွေ၊ ကတုပ်ကျင်းတွေ နဲ့ ခံစစ်အထပ်ထပ်ပြင်ထားတဲ့ တပ်စခန်းတခု ဖြစ်တယ်လို့လည်းဆိုပါတယ်။
ကန့်ဒေါင့်က နေပြီးတော့ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာမှာလည်း စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) တည်ရှိသလို အနောက်တောင်ဖက် ၃၅ မိုင်ခန့်အကွာမှာလည်း (ကပစ ၂၄) တည်တယ်လို့လည်း ဆိုထားပါတယ်။
အဲဒီ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ် မတော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ နဲ့ အညာမြေတပ်ပေါင်းစုတပ်တွေက စုပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။