Home သတင်း စစ်ရေး ပလက်ဝကို အာရက္ခတပ်တော် မသိမ်းရင် ချင်းပြည်လွတ်မြောက်မှာမဟုတ်ဘူးလို့ CB ပြောခွင့်ရ ဆလိုင်းယောမာန် ပြောဆို

ပလက်ဝကို အာရက္ခတပ်တော် မသိမ်းရင် ချင်းပြည်လွတ်မြောက်မှာမဟုတ်ဘူးလို့ CB ပြောခွင့်ရ ဆလိုင်းယောမာန် ပြောဆို

2
0

အာရက္ခတပ်တော်ကသာ ပလက်ဝဒေသကို စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းပိုက်တာ မလုပ်ခဲ့ဘူးဆိုရင် လက်ရှိ ချင်းညီနောင် CB က သိမ်းပိုက်ရရှိထားတဲ့ မြို့တွေကိုလည်း သိမ်းပိုက်ရရှိမှု ရှိလာမှာ မဟုတ်ဘူးလို့ ချင်းညီနောင် CB ရဲ့ ပြောခွင့်ရ ဆလိုင်းယောမာန်ကပြောဆိုလာခဲ့ပါတယ်။

အဲဒီပြောဆိုမှုကို ချင်းညီနောင် CB ရဲ့ ပြောခွင့်ရ ဆလိုင်းယောမာန်က ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။

ချင်းညီနောင် CB ရဲ့ ပြောခွင့်ရ ဆလိုင်းယောမာန် ပြောဆိုတာက “ပလက်ဝမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေ၊ ဗျူဟာစခန်းတွေ အကုန်လုံးကိုသာ AA က မတိုက်ခဲ့ဘူးဆိုရင် ချင်းပြည်နယ် ဘယ်နေရာမှ ကျနော်တို့ စစ်ဆင်ရေး လုပ်နိုင်မှာ မဟုတ်ဘူး။ ပလက်ဝကို AA က စစ်ကောင်စီ ကင်းစင်အောင် မလုပ်ခဲ့ဘူးဆိုရင် မတူပီလည်း လွတ်မြောက်လာစရာ အကြောင်းမရှိဘူး။ ကျင်ဒွေးလည်း လုံးဝ မလွတ်မြောက်ဘူး။ ကန်ပက်လက်လည်း မလွတ်မြောက်ဘူး။ မင်းတပ်လည်း မလွတ်မြောက်ဘူး။ လိုင်လင်းပီ တောက်လျှောက် ဘယ်နေရာက မှ လွတ်မြောက်မှာ မဟုတ်ဘူး။ စစ်ကောင်စီရဲ့ ထောင်နဲ့ချီတဲ့ အင်အားတွေ ရှိတာကို ၂၀၀, ၃၀၀ လောက်ပဲ စစ်ကူပို့လိုက်ရုံနဲ့ ကျနော်တို့ တော်တော် ခက်ခဲမှာဖြစ်တယ်။ ချင်းပြည် ဒီအတိုင်းအတာထိ လွတ်မြောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” လို့ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ချင်းညီနောင် CB ဟာ ချင်းပြည်နယ်အတွင်းမှာ ရှိတဲ့ ကျင်ဒွေး၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ဖလမ်းစတဲ့ မြို့တွေကို စစ်ကောင်စီလက်ထဲကနေပြီးတော့ အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်သလို

ကျန်ရှိနေသေးတဲ့ မြို့နယ်တွေကိုလည်း အပြီးသတ် သိမ်းပိုက် ရရှိရေးအတွက် ဆက်လက်ထိုး စစ်ဆင် တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ချင်းညီနောင် CB အနေ နဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေကို အလူးအလဲ ခံနေရ တဲ့ အချိန်မှာ အာရက္ခတပ်တော်က လက်နက်ခဲယမ်းတွေ နဲ့ တခြားကူညီမှုတွေ ပေးခဲ့တာတွေ ရှိခဲ့တဲ့ အတွက် စိတ်ခွန်အားတွေလည်း ရရှိခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော် အနေ နဲ့ ပလက်ဝဒေသကို အပြောခံ၊ အမုန်းခံပြီးမှ ထိန်းထား၊ ကိုင်ထားရတာဟာ ချင်းပြည်လွတ်မြောက်ရေး အတွက် အရေးပါတဲ့ နေရာ ဖြစ်သလို အာရက္ခတပ်တော် AA အတွက်လည်း ရခိုင်ပြည်လွတ်မြောက်ရေးအတွက် အရေးပါတာကြောင့် ထိန်းထားရတာ ဖြစ်တယ်လို့လည်း သူက ရှင်းလင်းပြောဆိုထားပါတယ်။

“ပလက်ဝဟာ AA ရဲ့ အမျိုးသားလုံခြုံရေးပါ။ AA အတွက် အဓိက အရေးကြီးဆုံးကတော့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားပဲ။ အဲဒီလုံခြုံရေးခြိမ်းခြောက်မှု အကြီးဆုံးက ပလက်ဝပဲ။ ပလက်ဝမှာ စစ်ကောင်စီ ပြန်ပြီးအခြေကုပ်ယူနိုင်ရင် ရခိုင်တပြည်လုံးရဲ့ လွတ်မြောက်ရေး၊ ရခိုင်တပြည်လုံးရဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်ခံရပြီပဲ။ ပြောချင်တာက ရခိုင်ပြည်ဝင်ပေါက်က မကွေး – အမ်း၊ ပဲခူး – တောင်ကုတ်နဲ့ ဧရာဝတီ-ဂွဘက်တွေမှာ ထိန်းချုပ်ထားနိုင်ပေမယ့် ပလက်ဝမှာသာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ နေရာပြန်ဝင်ယူလိုက်ပြီဆိုရင် ဘာမှ တတ်နိုင်မှာမဟုတ်ဘူး။ ပလက်ဝက စစ်ကောင်စီတပ်သား အယောက် ၅၀၀ လောက် ဆင်းလာတာဟာ တောင်ကုတ်၊ အမ်းဖက်က အယောက် ၅၀၀၀ လောက် ထိုးစစ်ဆင်တာနဲ့ ညီမျှတာပေါ့။ အာရက္ခဒေသအတွက် လုံခြုံရေး မဟာဗျူဟာကျတဲ့အနေနဲ့ ပလက်ဝကို AA က ထိန်းထားရတယ်” လို့ ပလက်ဝဒေသကို အာရက္ခတပ်တော်က ထိန်းထားရတဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး အခုလိုရှင်းပြထားပါတယ်။

ဒါ့အပြင် ချင်းညီနောင် အနေ နဲ့ ပလက်ဝ အရေး နဲ့ ပတ်သက်လာခဲ့ရင်လည်း မြေပြင်ကသာ အဆုံးအဖြတ်ပေးမှာဖြစ်ပြီးတော့ ဒေသခံပြည်သူတွေရဲ့ လိုလားချက် နဲ့ ရပိုင်ခွင့်အရေးများကသာ အရေးကြီးတာဖြစ်သလို ပလက်ဝအရေး နဲ့ ပတ်သက်ပြီးတော့လည်း ချင်းညီနောင် အနေ နဲ့ စားပွဲဝိုင်းမှာသာ ဆွေးနွေးပြီးတော့ ဖြေရှင်းသွားမှာ ဖြစ်တယ်လို့လည်း သူကပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here