CNA၊မြတ်သူ။
ကျောက်ဖြူကနေပြီးတော့ စစ်ဘေးရှောင် ထွက်ဖို့ လာတဲ့ မိသားစုဝင်တွေထဲက အမျိုးသားတစ်ဦးကို အာရက္ခတပ်တော်ရဲ့ စစ်ဆေးရေး ဂိတ်ဖြစ်တဲ့ မင်းပြင်စစ်ဆေးရေး ဂိတ်မှာ အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရ DLEPS တပ်ဖွဲ့ ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီး အဲဒီဖမ်းဆီးခံရသူကို လက်ရှိအချိန်ထိ မိသားစုတွေ နဲ့ တွေ့ခွင့် မရ ဖြစ်နေတယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူကတော့ ကျောက်ဖြူမြို့၊သဗ္ဗန်ချောင်းမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် မောင်မြင့်စိုး ဖြစ်ပြီးတော့ သူဟာ ကျောက်ဖြူကနေ ရသေ့တောင်သို့ စစ်ဘေးရှောင်သွားဖို့ ဇင်ချောင်းကိုအလာလမ်း မင်းပြင် စစ်ဆေးရေး ဂိတ်မှာ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ DLEPS တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာကို ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ကိုဖမ်းဆီးသွားတာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းကပင် ဖမ်းဆီးသွားတာ ဖြစ်ပြီးတော့ လက်ရှိအချိန်ထိ မိသားစု နဲ့ တွေ့ခွင့်မရ ဆက်သွယ်ခွင့်မရဘဲ ဖြစ်နေတယ်လို့ မောင်မြင့်စိုး မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“ဖမ်းတာက DLEPS အဖွဲ့က ဖမ်းသွားတာပါ။ဘာကိစ္စ နဲ့ ဖမ်းတာလဲ ဆိုတာကိုမသိရဘူး။အခုအချိန်ထိလည်း တွေ့ခွင့်မရ လည်းမရဘူး။ဖမ်းတုန်းကတော့ မင်းပြင်ဂိတ်မှာ ဖမ်းတာ ပြီးတော့ အုန်းတောကို ခေါ်သွားတယ်လို့ သိရတယ်။ဖမ်းကတည်းကဘာကြောင်းဖမ်းတာလဲ ပြောတော့လည်း ဘာမှမပြောဘူး။သူကကျောက်ဖြူ သဗ္ဗန်ချောင်းမှာ ၁၀ နှစ်ကျော်နေခဲ့သူဖြစ်တ ယ်”လို့ သူကပြောပါတယ်။
မောင်မြင်စိုးဟာ ရသေ့တောင်ဇာတိဖြစ်ပြီးတော့ ကျောက်ဖြူမြို့ အတွင်းမှာ နေထိုင်နေတာဟာ နှစ်ပေါင်း ၁၀ ကျော်ကြာမြင့်နေပြီးသူတစ်ဦးဖြစ်တယ်လို့ လည်း ဆိုပါတယ်။
သူ့ကို ဖမ်းဆီးချိန်မှာ သူ နဲ့ အတူ သူ့ရဲ့မိခင်ဖြစ်သူ နဲ့ ကလေးငယ် တွေပါ ရသေ့တောင်ကို စစ်ဘေးရှောင်သွားဖို့ ထွက်လာတာ ဖြစ်ပြီးတော့ အဲဒီထဲကမောင်မြင့်စိုး တစ်ယောက်ကိုသာ ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မောင်မြင့်စိုးကို ဖမ်းဆီးသွားချိန်မှာလည်း နေအိမ်ရောင်းပြီး ရလာတဲ့ ငွေသိန်း ၂၀ ကျပ်ပါ အတူ ပါသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စ ပတ်သက်ပြီး မောင်မြင့်စိုး ကို မိသားစုတွေ နဲ့ တွေ့ခွင့်ရနိုင်ဖို့ အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကို မိသားစုတွေ အနေ နဲ့ တိုင်းကြားတာတွေ လုပ်ဆောင်ထားခဲ့ပေမယ့် လက်ရှိအချိန်ထိ တစ်စုံတရာ ပြန်လည် အကြောင်း ကြားလာတာ မရှိဘူးလို့ မိသားစုဝင်က ဆိုပါတယ်။
“ကျမတို့ ဒီကိစ္စကိုသိနိုင်ဖို့ ဦးခိုင်သုခကိုလည်း တိုင်ထားတယ်ဘာမှ ပြန်ပြောမလာဘူး။ကျောက်ဖြူမှာလည်း တွေ့ခွင့်ရမလားဆိုပြီးသွားတာ အဲဒီကိုရော က်တော့လည်း ဟိုလိုလိုဒီလိုလို ပြောကြတယ်။ကျမတို့ အရမ်းစိတ်ပူတယ်။သူက နေလည်း ကောင်းတာမဟုတ်ဘူး။သူဘာဖြစ်လဲဆိုတာကို မိသားစုတွေကို အာရက္ခတပ်တော်က ပြောပေးဖို့လိုလားတယ်။တွေ့ခွင့်ပေးဖို့လိုလားတယ်”လို့မိသားစုတွေက တောင်းဆိုကြပါတယ်။
ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၄ ခုကို စစ်ကောင်စီလက်ထဲကနေ အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
အဲဒီလို အပြီးသတ်သိမ်းပိတ်ထားတဲ့ မြို့တွေမှာ အာရက္ခတပ်တော်ဟာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ နဲ့ အတူ အုပ်ချုပ်ရေး လုပ်ငန်းတွေကိုလည်း စတင်လုပ်ဆောင်တာတွေလည်း ရှိနေပြီးဖြစ်ပါတယ်။
အဲဒီလို အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ တာဝန်ပေးထားတဲ့ အာရက္ခတပ်တော် ရဲ့ ဝန်ထမ်းတွေဟာ ပြည်သူတွေကို အာဏာပြတာ ၊နိုင်ထက်စီးနင်းလုပ်တာ၊ငွေညှစ်တာ စတာတွေကိုလုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ပုံ – DLEPS တပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ မောင်မြင်စိုး။