ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ” Chindwin Rocket Brothers -CRB” က ရှော့တိုက်ရော့ကတ် (၁၀)လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ CRB က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီ တိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)က ဦးဆောင်ပြီးတော့ မဟာမိတ်အဖွဲ့တွေ ဖြစ်ကြတဲ့ ချိုမိုင်မိုင်(ကနီ)၊Anonymous Heroes ၊ Chindwin Brothers တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီအရာရှိ၊ စစ်သည်၊ ဇနီး နဲ့ ကလေးငယ် အပါအဝင် ၂၂ ဦးသေဆုံးတာ ရှိခဲ့တယ်လို့ ” Chindwin Rocket Brothers -CRB” ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ” Chindwin Rocket Brothers -CRB” ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ စစ်တိုင်းရုံးက အရာရှိ (၂)ဦး၊ စစ်သည် (၁၂)ဦး နဲ့ အရာရှိဇနီး(၄)ဦးတို့ဟာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
အဲဒီနောက် တိုက်ခိုက်မှု အတွင်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တဲ့ အရာရှိ (၄)ဦး၊စစ်သည် (၁၅)ဦး နဲ့ ဗိုလ်မှူးတစ်ဦးရဲ့ ကလေး(၂)ဦးဟာလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီးတော့ အဲဒီဒဏ်ရာ ရရှိသူတွေကို ညနေ ၆နာရီ အချိန်တွင် တဆ(ခွဲ) ၄/၃၀၀ တပ်ဆေးရုံ ကို ပို့ဆောင်ကာ ဆေးကုသတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။
အဲဒီလို ဆေးကုသနေတဲ့ သူတွေထဲက အရာရှိ(၁)ဦး၊ဗိုလ်မှူးရဲ့ကလေး (၁)ဦး နဲ့ စစ်သည်(၂)ဦး ဟာ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသခံယူနေရာကနေ ဇွန်လ ၂၈ ရက်နေ့မှာ ထပ်မံသေဆုံးခဲ့တယ်လို့ လည်း ဖော်ပြထားပါတယ်။
အဲဒီနောက် သေဆုံးသူ ၂၂ ဦးကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ နမခ စစ်သင်္ချိုင် နဲ့ အလုံမြို့ စစ်သင်္ချိုင် တွေကို သင်္ဂြို ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် ဒီတိုက်ခိုက်မှု အတွင်းမှာ ဆီဂိုဒေါင်လည်း ပေါက်ကွဲမှု ဖြစ်ပွါးခဲ့သလို အဲဒီဆီဂိုဒေါင် ပေါက်ကွဲတာကြောင့် စခန်း၊ရုံး ၊ ရိက္ခာဂိုဒေါင်၊ (RB=12/14) လိုင်းခန်း အပါအဝင် အရာရှိရိပ်သာအနီးမှာ ရပ်ထားတဲ့ အိမ်စီးကား ၂ စီးဟာလည်း မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုထားပါတယ်။




