လက်ရှိအချိန်မှာ လူငယ်တွေ အနေ နဲ့ နိုင်ငံရေးကို သတ္တိရှိရှိ လုပ်ဖို့အချိန်တန်ပြီးလို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားပြောဆိုလိုက်ပါတယ်။
အဲဒီပြောဆိုမှုကို ဇွန်လ ၂၅ ရက်နေ့ က တအာင်းပြည်တစ်နေရာမှာ ကျင်းပခဲ့တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က နေပြီးတော့ ဦးဆောင်ဖွင့်လှစ်ထားတဲ့ နိုင်ငံရေးသိပ္ပံ ကျောင်း အပတ်စဥ် (၁) ကျောင်းဆင်းပွဲ နဲ့ ဒီပလိုမာဘွဲ့အပ်နှင်းခြင်း အခမ်းအနားမှာ ပြောကြားခဲ့လည်းဖြစ်ပါတယ်။
ဘွဲနှင်းသဘင် အခမ်းအနားမှာ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက “တအာင်းပလောင်လူမျိုးများအနေဖြင့် ယခင်အချိန်က နိုင်ငံရေးအသိအားနည်းခြင်းကြောင့် အရာရာလက်လွတ်ဆုံးရှုံးခဲ့ရပြီးဖြစ်ရာ လက်ရှိ မိမိတို့ လက်ထက်မှာ နိုင်ငံရေးအား သတ္တိရှိရှိ လုပ်ကြရန် အချိန်တန်ပြီးဖြစ်သည်။ ယခု နိုင်ငံရေးသိပ္ပံကျောင်းဆင်းမည့် PSLF/TNLA လူငယ်များအနေဖြင့်လည်း ရနံ့မွှေးသည့် ပန်းများ ဖြစ်စေလိုပြီး မျှစ်တိုင်း ဝါးဖြစ်စေလိုကြောင်း” ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က နေပြီးတော့ ဦးဆောင်ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံရေးသိပ္ပံ ကျောင်း အပတ်စဥ် (၁)ဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံရေးရေချိန်မြင့်နေတဲ့ အချိန်မှာ PSLF/TNLA ကဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့လည်း ဖြစ်ပါတယ်။



ဒီ နိုင်ငံရေးသိပ္ပံ ကျောင်း အပတ်စဥ် (၁)ကို ကျောင်းသား (၁၅)ဦး နှင့် ကျောင်းသူ (၂၀) ဦး စုစုပေါင်း (၃၅)ဦး တတ်ရောက်သင်ကြားခဲ့ပြီးတော့ နိုင်ငံရေးသိပ္ပံကျောင်း (၃)နှစ်ကာလအတွင်း အောင်မြင်ပြီးမြောက်တဲ့ ကျောင်းသူ/ကျောင်းသားတွေကို ဒီလိုပလိုမာဘွဲ့အပ်နှင်းတာ၊ ထူးချွန်တဲ့ ကျောင်းသူ/ကျောင်းသားတွေကို ကို ဆုချီးမြှင့်ပေးတာ သင်ကြားပေးတဲ့ ဆရာ/ဆရာမတွေကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်တာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။
အဲဒီ ဘွဲ့နှင်းသဘင် အခမ်းအနားကို PSLF/TNLA ရဲ့ ဒုဥက္ကဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ တအာင်းပြည်ကောင်စီ ဒုဥက္ကဌ(၁) ဒီဒီမိုခမ်း၊ တအာင်းမြေတက္ကသိုလ် ဒေါက်တာဟောည်၊ ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးကြီး တားပန်လ၊ စစ်ဦးစီးချုပ်ရုံးက စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်း၊ အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတွေ ၊နိုင်ငံရေးသိပ္ပံကျောင်းက သက်ဆိုင်ရာ ဘာသာရပ်သင် ဒေါက်တာ နဲ့ ဆရာ/ဆရာမတွေ၊ PSLF/TNLAရဲ့ ဌာနဆိုင်ရာတွေက အရာရှိ အရာခံတွေ နဲ့ ကျောင်းသူ/ကျောင်းသား မိသားစုဝင် စုစုပေါင်း လူဦးရေ (၆၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုထားပါတယ်။



ဒါ့အပြင် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း PSLF/TNLA၏ နိုင်ငံရေးသိပ္ပံကျောင်း နဲ့ ပတ်သက်ပြီးတော့ “တအာင်းပြည်တစ်ခုတည်းသာမက မြန်မာပြည်တစ်ခုလုံးပါဝင်သည့် တော်လှန် ရေးလုပ်ငန်း အသီးသီးတွင် လူငယ်များ ပါဝင်အလုပ်လုပ်ကြရန်နှင့် လူထုအကျိုးပြု လုပ်ငန်းများ ပြုလုပ်ကာ တော်လှန်းရေးပန်းတိုင် အမြန်ဆုံးရောက်ရှိအောင် စွမ်းစွမ်းတမံ အလုပ်လုပ်ကြရန် လိုအပ်ကြောင်း”ထပ်မံတိုက်တွန်းပြောကြားခဲ့ပါသေးတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေ နဲ့ ဒီနိုင်ငံရေးသိပ္ပံ ကျောင်း ကိုဖွင့်လှစ်ခဲ့တာဟာ နိုင်ငံရေးအနာဂတ် မျိုးဆက်သစ်ခေါင်းဆောင်တွေ ထွက်ပေါ်လာဖို့ ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။