Home လေကြောင်းတိုက်ခိုက်မှု စစ်အာဏာသိမ်း ၄ နှစ်တာကာလမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံဝန်း ရပ်သား တစ်ထောင်ငါးရာကျော်သေဆုံးခဲ့

စစ်အာဏာသိမ်း ၄ နှစ်တာကာလမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံဝန်း ရပ်သား တစ်ထောင်ငါးရာကျော်သေဆုံးခဲ့

19
0

မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ ကနေပြီးတော့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ နေ့ထိ ၄ နှစ်တာကာလအတွင်းမှာ နိုင်ငံတဝန်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တဲ့ အတွက် အပစ်မဲ့ အရပ်သားပြည်သူ (၁၅၀၅) ဦးသေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ မှတ်တမ်းတွေ အရ သေဆုံးသူ ဦးရေ (၁၅၀၅) ဦးထဲမှာ အမျိုးသမီး ၆၈၂ ဦး နဲ့ အမျိုးသား ၈၂၃ ဦးပါဝင်ပြီး တော့ ဒီသေဆုံးသူ အားလုံးကို AAPP အနေ နဲ့ အမည် နဲ့ တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

သေဆုံးမှုအများထဲမှာကတော့ စစ်ကိုင်းတိုင်းထဲမှာ သေဆုံးသူ ၅၂၀ ဦးနဲ့ ပထမ သေဆုံးမှု အများဆုံးဖြစ်ပြီးတော့ ၊ရခိုင်မှာ ၂၇၂ ဦး နဲ့ ဒုတိယသေဆုံးမှု အများဆုံးဖြစ်ကာ ၊ ရှမ်းမှာ ၁၅၉ ဦး၊မကွေးမှာ ၁၃၁ ဦး၊ပဲခူးမှာ ၈၇ ဦး၊မန္တလေးမှာ ၈၅ ဦး၊ ချင်းမှာ ၇၈ ဦး၊ကချင်မှာ ၆၉ ဦး၊ကရင် မှာ ၅၅ ဦး၊ကယားမှာ ၂၄ ဦး၊ တနင်္သာရီမှာ ၁၈ ဦး၊ မွန်မှာ ၆ ဦး နဲ့ ရန်ကုန်မှာ ၁ ဦး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အတည်ပြုဖို့ လိုအပ်နေသေးတဲ့ သေဆုံးသူ အနည်းဆုံး (၁၃၄၉) ဝန်းကျင်ခန့်ရှိနေသေးပြီးတော့ မြေပြင်မှာ လက်ရှိစာရင်းတွေထက်လည်း အဆပေါင်းများစွာ ပိုများနိုင်သေးတယ်လို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော် အာဏာကို တရားမဝင်အကြမ်းဖက် လုယူခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံတဝှမ်းအတွင်မှာလည်း စစ်အုပ်စုကို ဆန့်ကျင်တဲ့ တော်လှန်မှုတွေဟာ အရှိန်အဟုန်မြင့်တက်လာခဲ့ပြီးတော့ စစ်ကောင်စီကလည်း အဲဒီလို တော်လှန်သူတွေကို အင်အားသုံးပြီးတော့ အကြမ်းဖက်မှုတွေကို ကြိမ်ဖန်များစွာ ထပ်တလဲလဲ ကျူးလွန်ခဲ့တယ်လို့လည်း AAPP က ဆိုထားပါတယ်။

စစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ မြေပြင်တိုက်ခိုက်မှုတွေကို မလုပ်နိုင်တော့အတွက် စစ်ရေး ပစ်မှတ်မဟုတ်တဲ့ အရပ်သားများနေထိုင်ရာ ရပ်ကွက်တွေ၊ ကျေးရွာတွေကိုပါ လေကြောင်းမှတိုက်ခိုက်တာ၊ စက်တပ်လေထီးအသုံးပြုတိုက်ခိုက်တာ နဲ့ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေကိုပိုမိုအသုံးပြု လုပ်ဆောင်ခဲ့တဲ့ အတွက် အရပ်သားများအပြားသေဆုံးတာ ၊ဒဏ်ရာရတာတွေ ဖြစ်ခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ များစွာဟာလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့လယ်ယာ၊ တောင်ယာတွေဟာလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်းစစ်ရေးကာလကြာမြင့်လာတာ နဲ့ အမျှ အရပ်သားပြည်သူများတွေဟာ စစ်ရေး နဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးလာကြရပြီးတော့ စစ်ဘေးရှောင် ဦးရေဟာလည်း မြင့်တက်လာခဲ့သလို စားနပ်ရိက္ခာ နဲ့ အရေးပေါ်ဆေးဝါး အခက်အခဲတွေဟာလည်း ကြုံတွေ့နေရတယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here