စစ်ကောင်စီက ဇွန်လ တစ်လတာအတွင်းမှာ တအာင်းပြည်ထဲမှာ ရှိတဲ့ နောင်ချို၊ နမ္မတူ၊ ကျောက်မဲ နဲ့ မိုးကုတ်မြိုနယ်တွေကို လေကြောင်း၊ လက်နက်ကြီး၊ဒရုန်း နဲ့ ပစ်ခတ်တိုက်ခိုက်တာ လုပ်ဆောင်ခဲ့တဲ့ အတွက် အပစ်မဲ့ အရပ်သား (၅)ဦး သေဆုံးခဲ့ပြီးတော့ (၃၂)ဦး ထိခိုက်ဒဏ်ရာ ရရှိတာရှိခဲ့တယ်လို့ TNLA က ဒီနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒါ့အပြင် ဒီတစ်လတာ အတွင်းမှ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေ ကြောင့် နေအိမ် (၇၅)လုံး၊ စာသင်ကျောင်း (၄)ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၄)ကျောင်းဟာလည်းထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုထားပါသေးတယ်။
စစ်ကောင်စီဟာ ဒီတိုက်ခိုက်မှုတွေကို ယာယီတစ်ဖက်သတ်အပစ်ရပ်ကြောင်းသက်တမ်းတိုးတယ်လို့ကြေညာခဲ့ပြီးချိန်မှာ အခုလိုတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
TNLA ရဲ့ ထုတ်ပြန်ထားတဲ့ မှတ်တမ်းတွေ အရ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ (၄)ရက်နေ့ကပင် နောင်ချိုမြို့၊ ဈေးရပ်ကွက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တဲ့ အတွက် အမျိုးသား (၄)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့ နေအိမ် (၂)လုံးဟာလည်း ပျက်စီးသွားခဲ့ ရတယ်လို့ ဆိုထားပါတယ်။
အဲဒီလိုပဲ ဇွန်လ (၁၀)ရက်နေ့မှာလည်း စစ်ကောင်စီဟာ နောင်ချိုမြိုနယ် အတွင်းက လုံဝယ်ကျေးရွာကို ဟောင်ဝေဇာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရတာရှိခဲ့သလို ဇွန်လ (၁၂)ရက်နေ့မှာလည်း နမ္မတူမြို့နယ် အတွင်းက မန်လီကျေးရွာကို ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်တာ လုပ်ဆောင်ခဲ့တဲ့ အတွက် နေအိမ် (၁)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း နဲ့ စာသင်ကျောင်း (၁)ကျောင်းပျက်စီး ခဲ့တဲ့ အပြင်နေအိမ်တချို့လည်းထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုထားပါတယ်။
ဇွန်လ (၁၆)ရက်နေ့မှာတော့ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်တာ ထပ်မံလုပ်ဆောင်ခဲ့တဲ့ အတွက် အရပ်သား ၂ ဦး အပြင်းအထန် ထိခိုက်တာ ရှိခဲ့ပြီးတော့ တိုက်ပွဲဖြစ်တာ မရှိတဲ့ နောင်ချိုမြို့အတွင်းကိုလည်း ဟောင်ဝေဇာလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် နေအိမ် (၂)လုံး ထိမှန်ပျက်စီးဆုံးသွားခဲ့ရတယ်လို့ ဆိုထားပါတယ်။
ဇွန်လ (၂၄)ရက်နေ့ နဲ့ (၂၉)ရက်နေ့တွေမှာတော့ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွါးတာ မရှိတဲ့ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် အမျိုးသား (၁)ဦး နဲ့ အမျိုးသမီး (၄)ဦးသေဆုံးခဲ့ရပြီးတော့ အမျိုးသား (၁၃)ဦး၊ ကလေး(၃)ဦး နဲ့ အမျိုးသမီး(၇)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရသလို နေအိမ် (၆၅)လုံး၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနဲ့ စာသင်ကျောင်း (၃)ကျောင်းဟာလည်း ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
ဇွန်လ (၂၅)ရက်နေ့မှာလည်း မိုးကုတ်မြို့ အတွင်းက အုန်းကိုင်းရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၁)ဦးနဲ့ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရတာ ရှိခဲ့ပြီးတော့ နေအိမ်(၅)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း နဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးတာရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီ အပစ်ရပ် ကြေညာထားတဲ့ မေလထဲမှာ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံ နဲ့ မန်တုံမြို့တွေကို လေကြောင်းတိုက်ခိုက်မှု (၂၆)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၇၇၆) လုံး၊ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှု (၃၂၉)လုံး၊အဆိပ်ငွေ့ဗုံး (၁၁၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် ပြည်သူလူထု (၈)ဦး သေဆုံးပြီးတော့ (၁၈)ဦးဟာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရပါသေးတယ်။