သတင်း ၊ မြတ်သူ။
မာန်အောင်မြို့နယ်အတွင်း လူသတ်၊ဓားပြတိုက်မှုကို ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး နဲ့ ဒေသခံ တစ်ဦးကို လက်ရှိအချိန်ထိ ဖမ်းဆီးတာမလုပ်နိုင်သေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ ညနေက ကိုညီသူငယ် ရဲ့ ညီဝမ်းကွဲဇနီးမောင်နှံဟာ င/ပုကုန်းကျေးရွာ ဆေးခန်းမှာ ဆေးခန်းပြပြီးနောက် သူတို့နေထိုင်ရာ မာန်အောင်မြို့နယ်၊ ဘဲချောင်းကျေးရွာသို့ အပြန် ဒိုးတန်းကုန်းကျေးရွာ နဲ့ ဖက်ယားကျေးရွာ အကြားက လယ်ကွင်းပြင်မှာ လူသုံးဦး ရဲ့ ဓားပြတိုက်တာကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အဲဒီဓားပြတိုက်မှု ဖြစ်စဉ်ကို လယ်ကွင်းပြင်မှာ ရှိနေတဲ့ အကိုဖြစ်သူ ကိုညီသငယ်ကို တွေ့ရှိခဲ့ပြီး ဓားပြတွေ နဲ့ အပြန်အလှန်စကားပြောကာ ကြားဝင်ဖြေရှင်းပေးရာကနေပြီးတော့ ကိုညီသငယ်မှာ ဓားပြ တွေ ရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို ဓားပြတိုက် လူသတ်သွားတဲ့ သူ ၃ ဦးကတော့ င/ပုကုန်းကျေးရွာ ဒေသခံ တစ်ဦး နဲ့ မာန်အောင်မြို့ ကမုံတောင် တပ်စခန်းက ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဖြစ်ပြီးတော့ လက်ရှိအချိန်ထိ သူတို့ ၃ ဦးကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ မာန်အောင်မြို့ခံတစ်ဦးက CNA ကိုပြောပါတယ်။
“လူသတ်တရားခံတွေကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်။ ဟိုတနေ့တုန်းကတော့ ညောင်းကုန်းကျေးရွာက ဒေသခံ တွေက စစ်တပ်က တစ်အိမ်တစ်ယောက်ထွက်ရှာပေးရမယ်လို့ ဆိုပြီးတော့ တစ်ရက်ရှာတယ်လို့ ပြောတယ်။မတွေ့သေးဘူး။ ၂ယောက်ကတော့ စစ်တပ်က ထွက်ပြေးနေတာ နောက်တစ်ယောက်ကတော့ င/ပုကုန်းရွာခံဖြစ်တယ်လို့ သိရတယ်။စစ်တပ်က ထွက်ပြေးနေတဲ့ နှစ်ယောက်ကတော့ သူတို့ ထွက်ပြေးနေတာ သင်္ကြန်တုန်းကတည်းက ထွက်ပြေးနေတာလို့ သိရတယ်”လို့ သူကပြောပါတယ်။
အဲဒီလိုလူသတ်ဓားပြတိုက်မှုတွေကို ကျူးလွန်ထားတဲ့ သူတွေကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးတဲ့ အတွက် ဒေသခံ တွေ အနေ နဲ့လည်း တောတောင်တွေကို သွားရောက်တဲ့ အခါမှာ အကြောက်တရားတွေ နဲ့ သွားနေရပြီးတော့ ဒီလူသတ်တရားခံတွေကို အမြန်ဆုံးဖမ်းဆီးပေးတာတွေကို လုပ်ပေးစေချင်တယ်လို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။




