Home သတင်း စစ်ရေး အာရက္ခတပ်တော်က စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၂၃ ဖွဲ့ကို လက်နက်ရိက္ခာ နဲ့ စစ်သင်တန်းတွေ ထောက်ပံ့ပေးထား

အာရက္ခတပ်တော်က စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၂၃ ဖွဲ့ကို လက်နက်ရိက္ခာ နဲ့ စစ်သင်တန်းတွေ ထောက်ပံ့ပေးထား

65
0

မြန်မာနိုင်ငံတဝန်းလုံးက မြို့ပေါင်း ၆၁ ခုမှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံး ၂၃ ဖွဲ့ကို အာရက္ခတပ်တော် က လက်နက်ရိက္ခာ နဲ့ စစ်သင်တန်းတွေကို ထောက်ပံ့ပေးထားတာ ရှိတယ်လို့ ISP Myanmar က ထုတ်ပြန်ဖော်ပြလာပါတယ်။

အဲဒီအချက်အလက်တွေကို ISP Myanmar က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်လာတဲ့ “အို… မြောက်ပိုင်းလမ်း …ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင်ရခိုင်ပြည်” သုံးသပ်ချက်ထဲမှာ အခုလို ထည့်သွင်းဖော်ပြထားတာ လည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ ၂၀၂၁ခုနှစ် မြန်မာနိုင်ငံ အတွင်းစစ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက အနည်းဆုံး ၂၃ ဖွဲကို လက်နက်ရိက္ခာ ဒါမှမဟုတ် စစ်သင်တန်း စတဲ့ အရင်းအမြစ်တွေကို တစိတ်တပိုင်း ဒါမှမဟုတ် အပြည့်အဝထောက်ပံ့နေတာ တွေ့ရတယ်လို့ ISP Myanmar က ဆိုထားတာပါ။

အဲဒီတပ်ဖွဲ့ တွေဟာ မြန်မာနိုင်ငံတဝန်းမှာ ရှိတဲ့ မြို့ ၆၁ ခုအတွင်းထဲမှာ စစ်ရေးလှုပ်ရှားတာတွေကို လုပ်ဆောင်တာတွေ ရှိနေပြီးတော့ ဒီထဲက ၁၈ ဖွဲ့ကတော့ ရခိုင် နဲ့ ထိစပ်နေတဲ့ ချင်း၊ မကွေး၊ ပဲခူး နဲ့ ဧရာဝတီတို့မှာ အာရက္ခတပ်တော် နဲ့ အတူပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားတာတွေကို လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ISP Myanmar ရဲ့ထုတ်ပြန်ချက် အရ အာရက္ခတပ်တော်ရဲ့ ထောက်ပံ့မှုတွေကို ရရှိထားတဲ့ အဖွဲ့တွေကတော့ BPLA, DRPA, CDF-Kanpetlet, BNRA, YA,CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF, BLDF, PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တပ်ဖွဲ့တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီထဲက PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တပ်တွေဟာ အာရက္ခတပ်တော် ရဲ့ စစ်ရေးကွပ်ကဲမှုစနစ် နဲ့ ချိတ်ဆက်ထားတဲ့ မဟာမိတ်တပ်တွေဖြစ်ကြပြီးတော့ ကျန်တဲ့ တပ်ဖွဲ့တွေ ဖြစ်တဲ့ BPLA, DRPA, CDF-Kanpetlet, BNRA, YA, CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF နဲ့ BLDF တပ်ဖွဲ့တွေ ဟာ အာရက္ခတပ်တော် ရဲ့ ထောက်ပံ့မှုတွေကို တစိတ်တပိုင်း ဒါမှမဟုတ် အပြည့် အဝ ထောက်ပံ့တာတွေကို ရရှိထားတဲ့ မဟာမိတ်တပ်တွေ ဖြစ်ကြတယ်လို့ ဖော်ပြပါတယ်။

ISP Myanmar အနေ နဲ့ ဒီအချက်အလက်တွေကို ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပြီးတော့ ဒေတာရမှုအကန့်အသတ် နဲ့ နည်းနာပိုင်းမူတွေ ကွဲလွဲမှုတစုံတရာကြောင့် ကွဲလွဲမှုတွေတချို့ ရှိတာလည်းရှိနိုင်တယ်လို့ သူကဆိုထားပါတယ်။

ISP Myanmar ရဲ့ သုံးသပ်ချက်အရ လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ရခိုင်က နယ်မြေ ၉၃ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီးတော့ ရခိုင်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ ရှိနေပြီးတော့ တဖက်မှာလည်း ဒီ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက စပြီးတော့ ရခိုင်ပြင်ပက မကွေး၊ ပဲခူး နဲ့ ဧရာဝတီတိုင်းတွေကိုကို စစ်ရေးတိုးချဲ့ဖော်ဆောင်လာတာတွေလည်း ရှိတယ်လို့ ဆိုထားပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော် ရဲ့မဟာဗျူဟာကို ခြုံကြည့်မယ်ဆိုရင် ‘မြေကျယ်ကျယ်ယူ၊ ခြံစည်းရိုးမြင့်မြင့်ခတ်၊ စိတ်ချရတဲ့ အစောင့်တွေထား (an extended yard, a high fence, and reliable gatekeepers) ဖြစ်ပုံရပြီးတော့ ရခိုင်ကနေ ချင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ စတဲ့ ဖြန့်ထွက်နယ်မြေစိုးမိုး၊ သဘာဝရိုးမအပြင် မဟာမိတ်အကာအကွယ်တွေကို တံတိုင်းမြင့်မြင့်ခတ်၊ အားကိုးရတဲ့ လက်နက်ကိုင်အဖွဲ့ငယ်တွေကို ကြားခံအဖြစ် နေရာချထားဆိုတဲ့ မဟာဗျူဟာက အလုပ်ဖြစ်နေပုံရနေပေမယ့် ဒီမဟာဗျူဟာရဲ့ အဆုံးသတ်ပန်းတိုင်က ဘာလဲဆိုတဲ့ မေးခွန်းကိုတော့ အာရက္ခတပ်တော်က ရှင်းရှင်းလင်းလင်း နဲ့ ရှေ့နောက်ညီညီ ယတိပြတ်ထုတ်ပြောတာမျိုး မရှိသေးဘူး”လို့ ISP Myanmar က ဝေဖန်ထောက်ပြထားတာကိုလည်း တွေ့နေရပါတယ်။

အာရက္ခတပ်တော်ဟာ နိုင်ငံရေးအရ ကတိကဝတ် ပြုရမယ့် အပြောများများ မဟာမိတ်မျိုးကို ရှောင်ရှားလိုပြီးတော့ ညီနောင်မဟာမိတ်လို စစ်ရေးမဟာမိတ်နဲ့ အလုပ်များများ ဂျူနီယာလက်နက်ကိုင် မိတ်ဖက်တွေကိုသာ လိုလားတယ်ဆိုတဲ့ ဟာမျိုးကိုလည်း တွေ့နေရတယ်လို့ ISP Myanmar ကဆက်လက် သုံးသပ်ထားပါသေးတယ်။

အဲဒါကြောင့် လက်ရှိ အာရက္ခတပ်တော် ရဲ့ မဟာဗျူဟာရွေးချယ်မှုတွေဟာ နိုင်ငံရေးမဟာမိတ်က ဆုံးဖြတ်တဲ့ အချိန်ဇယား ပြက္ခဒိန်တွေကြောင့်ဆိုတာတွေကိုမဟုတ်ဘဲ သူ့အခြေအနေပေးထားချက် အချက်အလက်ပြည့်စုံမှုအပေါ်မူတည်ပြီး ဆုံးဖြတ်ဆောင်ရွက် နေတယ်ဆိုတာကိုလည်း ISP Myanmar အနေ နဲ့ ရှုမြင်ထားတယ်လို့ ဆိုထားပါတယ်။

အဲဒါကြောင့် ပဲ “အာဏာသိမ်းပြီး ၁၈ လ လောက်ကြာတဲ့အထိ စစ်ကောင်စီကို တိုက်ရိုက်တိုက်ပွဲဆင်တာ မျိုးမလုပ်ခဲ့ဘဲ အင်အား၊ မဟာမိတ်နဲ့ အရင်းအမြစ်စုဆောင်း တာတွေကို ဦးစားပေးနေခဲ့တာပါ။ စစ်ဆင်ရေး ၁၀၂၇ မှာ အဓိကဦးဆောင်ပါခဲ့ပေမဲ့ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ရခိုင်မှာ ထိုးစစ်တွေစတဲ့အခါ သူ့ရဲ့စစ်ဆင်ရေးတွေကို စစ်ဆင်ရေး ၁ဝ၂၇ နဲ့ ချိတ်ဆက်တာ၊ နွေဦးတော်လှန်ရေးရဲ့ ကျွဲကူးရေပါဆိုပြီး ဝါဒဖြန့်တာမျိုးကို ရှောင်ရှားခဲ့တာ ထင်ရှားတယ်”လို့ ဆိုထားပါတယ်။

အာရက္ခတပ်တော်ဟာ မြန်မာ့ပဋိပက္ခရဲ့ အရှေ့မြောက်၊ အရှေ့တောင် နဲ့ အနောက်ပိုင်းစင်္ကြံသုံးခုစလုံးကို ခြေရာပေါက်နိုင်ရုံသာမကဘဲ ဗမာတွေ ရဲ့ အညာကိုလည်း လက်တံရှည်ရှည် ဆန့်ထုတ်လွှမ်းမိုး နိုင်စွမ်းရှိတဲ့ တခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ ထဲက EAO ဖြစ်တယ်လို့လည်း SP Myanmar က မှတ်ချက်ပေးထားပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်ဟာ ရခိုင်ကို အခြေပြုပြီးတော့ ဧရာဝတီ၊ မကွေး နဲ့ ပဲခူးကိုပါ ထိုးစစ်ဆင်နိုင်တဲ့ ထူးထူးခြားခြား EAO ဖြစ်ပြီး တော့ အာရက္ခတပ်တော် ရဲ့ ခေါင်းဆောင်တွေဟာ မျိုးဆက်သစ် မင်းပျိုမင်းလွင်တွေဖြစ်သလို ကျန်လူငယ်လက်နက်ကိုင်အဖွဲ့ တော်တော်များများကိုလည်း သင်တန်းပေး၊ လက်နက်ပေး၊ စံနမူနာပေး စည်းရုံးအားယူနိုင်စွမ်းရှိတဲ့ အစ်ကို ကြီး-ညီလေးဆက်ဆံရေးနဲ့ “အပြောနည်းနည်း၊ အလုပ်များများနဲ့” လက်နက်ကိုင် မဟာမိတ်ကွန်ရက် အကြီးဆုံးတည်ဆောက်ထားနိုင်တဲ့ တခုတည်းသော EAO လည်း ဖြစ်သည်လို့ ISP Myanmar က ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here