CNA ၊မြတ်သူ။
မာန်အောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို အကြောင်းပြပြီးတော့ စစ်မှုထမ်းခေါ်တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ မာန်အောင်မြို့နယ် အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကို ပြင်ဆင်နေတာ ရှိနေပြီးတော့ အဲဒီရွေးကောက်ပွဲ အတွင်းမှာ လုံခြုံရေးတာဝန်ကို ထမ်းဆောင်ဖို့ အတွက်ဆိုကာ ဒေသခံတွေကို စစ်သင်တန်းတက်ရမယ်ဆိုပြီးတော့ အခုလို ရပ်ကွက်အလိုက် ၊ကျေးရွာအုပ်စု အလိုက် လူဦးရေ ဘယ်လောက်ပေးရမယ်ဆိုပြီးတော့ အတင်းခေါ်ယူလာတာ ဖြစ်တယ်လို့ မာန်အောင်ဒေသခံ တစ်ဦးက ပြောပါတယ်။
“အခုက ရပ်ကွက်၊ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲမှာ လုံခြုံရေးလုပ်ဖို့ အတွက်ဆိုပြီးတော့ တောင်းလာတာဖြစ်တယ်။ပြည်သူတွေက ဒီကိစ္စကို သိပ်ပြီးတော့ သဘောမကျတာတွေများတယ်။ကြောက်လည်းကြောက်ကြတယ် ပြည်သူတော်တော်များများက။ရွေးကောက်ပွဲက အခုမှလုပ်တာလည်း မဟုတ်ဘူး အရင်တုန်းကလည်း လုပ်နေတာပဲ လုံခြုံရေးအတွက် ဆိုပြီးတော့ စစ်သင်တန်းတက်ရတဲ့ အဆင့်ထိမရှိပါဘူး။ပြီးတော့ ကျနော်တို့ မာန်အောင်မှာက အေးအေး ဆေးဆေးပဲ ရှိနေတာ အခုဟာက စစ်မှုထမ်းအတွက် တဖက်လက် နဲ့ ခေါ်တာလို့ မြင်တယ်”လို့ သူကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီ အနေ နဲ့ အသက် ၁၈ နှစ်ကနေပြီးတော့ အသက် ၆၅ နှစ် အထိ အငယ်ဆုံးကျေးရွာအုပ်တစ်စုကို လုံခြုံရေး အတွက် စစ်သင်တန်းတက်ရောက်မယ့်သူ ၃၀ ကနေပြီးတော့ အကြီးဆုံးကျေးရွာအုပ်စု တစ်ခုကို လူဦးရေ ၇၀ ထိ ပေးရမယ်လို့ တောင်းခံထားတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပေဒပြဌာန်းပြီးနောက်ပိုင်းမှာလည်း ရပ်ရွာလုံခြုံရေး အတွက်ဆိုပြီးတော့ ပထမတစ်ကြိမ် စစ်သင်တန်းတက်ရောက်ဖို့ ပြည်သူတွေကို အတင်းဖိအားပေးခေါ်ယူခဲ့တာလည်း ရှိခဲ့ပြီးတော့ ပြည်သူတွေက စစ်မှုထမ်း ကိစ္စကို ကန့်ကွက်ခဲ့တဲ့ အတွက် အဲဒီတစ်ကြိမ်စစ်မှုထမ်းခေါ်ယူမှုဟာလည်း အထမမြောက်ဖြစ်ခဲ့ရပါတယ်။
တဖက်မှာလည်းစစ်ကောင်စီဟာ မာန်အောင်ကို ပို့ထားတဲ့ စစ်အင်အားတွေကို ကျောက်ဖြူတိုက်ပွဲအတွင်းကိုပို့ဆောင်ထားခဲ့ရတဲ့ အတွက် လက်ရှိမာန်အောင်မှာ စစ်အားအား နည်းနေတဲ့ အတွက် အခုလို ရွေးကောက်ပွဲကို အကြောင်းပြ ပြီးတော့ စစ်အင်အားဖြည့်တင်းနိုင်ဖို့ အတွက်ဒီစစ်မှုထမ်းကိစ္စကို ထပ်မံ ခေါ်ယူနေတာလည်း ဖြစ်နိုင်တယ်လို့ မာန်အောင်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
“အခုဟာက အရင်ကထက် ပိုဆိုးလာမှာကိုလည်း စိုးရိမ်နေရတယ်။ပြည်သူတွေကတော့ ဘယ်သူမှ မလုပ်ချင်ကြဘူး။အခုသူတို့က ရွေးကောက်ပွဲအတွက်လို့ ပြောပေမယ့် တိုက်ပွဲထဲကို မပို့ဘူးလို့ ဘယ်သူကမှ မပြောနိုင်ဘူး။သူတို့လက်ထဲကို ရောက်သွားရင် အကုန်လုံးက သူတို့ခိုင်းတာကိုပဲ လုပ်ရမှာတော့သေချာတယ်။ ပြီးတော့ ဒီမှာက တပ်အင်အားကလည်း မရှိတဲ့ အနေအထားဖြစ်နေပြီးဆိုတော့။ဒီကခေါ်ပြီးတော့ ဒီမှာ တစ်ခုခု ဖြစ်လာရင် တိုက်ခိုင်းမယ်ဆိုတာမျိုးလည်း လုပ်ခိုင်းနိုင်တယ်။နော်ကတစ်ခု ကျောက်ဖြူကိုလည်း ပို့ရင်ပို့နိုင်တာပေါ့ ။အခု ဒီစစ်မှုထမ်းပြန်ခေါ်လာတာကိုတော့ ဒေသခံတွေ တော်တော်စိုးရိမ်နေကြတယ်”လို့ သူကဆိုပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီက ရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ စစ်သင်တန်းတက်ရောက်ဖို့ ထပ်မံခေါ်ယူနေတဲ့ အပေါ်မှာ လိုလားမှုတွေ မရှိသလို အရင်တုန်းကထက် အတင်းအဓမ္မလုပ်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေတယ်လို့ မာန်အောင်ဒေသခံတွေကဆိုပါတယ်။