CNA ၊ ဟိန်းဆက်။
ကျောက်ဖြူမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက် လက်နက်ကြီးတွေ နဲ့ အပြန်အလှန်ပစ်ခတ်နေပြီးတော့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ ကတည်းကပင် ကျောက်ဖြူမြို့နယ် အတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ပြန်လည်ဖြစ်ပွါးလာနေတာ ဖြစ်ပြီးတော့ ဒီနေ့မှာတော့ နှစ်ဖက် အပြန်အလှန် လက်နက်ကြီးတွေ နဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ တစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးတွေ နဲ့ အပြန်အလှန်တစ်နေကုန်ပစ်နေတာ။တချက်မှကို မနားသေးဘူး ညနေ ၇ နာရီလောက်ထိ ဆက်တိုက်ပစ်နေကြတာ။တိုက်ပွဲက တော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတာ။တိုက်ပွဲက ၁၀ ရက်နေ့က ပြန်စလာတာ အဲဒီနေ့တုန်းက ဒီလောက် မဖြစ်ဘူး ဒီနေတော့ တော်တော် ဖြစ်နေကြတာ”လို့ သူကပြောပါတယ်။
အဲဒီလို အာရက္ခတပ်တော်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်ကောင်စီရဲ့ အမှတ် ၃၂ ရဲတပ်ရင်း အတွင်းကို ကျရောက်ပေါက်ကွဲပြီးတော့ စစ်ကောင်စီတပ်သားတွေ အများအပြားသေဆုံးတာရှိသလို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာလည်း ပြိုင်းစေ့ကေကျေးရွာ အတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် ဒေသခံတွေ ထိခိုက်သေဆုံးတာ ရှိတယ်လို့ သိရှိထားရကြောင်း သူက ဆက်လက်ပြောဆိုပါတယ်။
“စစ်ကောင်စီ ၃၂ တပ်ရင်းထဲကို လက်နက်ကြီးကျလို့ စစ်သားတွေ သေတယ်ဆိုတာတော့ တိတိကျကျ သိထားရတာ ဖြစ်တယ်။စစ်ကောင်စီကလည်း လက်နက်ကြီး နဲ့ ပစ်လို့ ပြိုင်းစေ့ကေရွာထဲကို ကျလို့ အရပ်သားတွေ သေတာရှိတယ်လို့လည်း သိရတယ်။ ပြိုင်းစေ့ကေသတင်းကတော့ ကျနော် အနေ နဲ့လည်း အတည်မပြုနိုင်သေးဘူး လောလောဆယ်မှာ ဖြစ်ဖို့ဘက်ကို များတယ်”လို့ သူကပြောပါတယ်။
ရခိုင်မှာ အာရက္ခတပ်တော်ဟာ မြို့နယ် ၁၇ ခု ရှိတဲ့ အထဲက မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်သလို နောက်ထပ်ကျန်ရှိနေသေးတဲ့ ကျောက်ဖြူ၊မာန်အောင် နဲ့ စစ်တွေ မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
အဲဒီလိုကျန်ရှိနေသေးတဲ့ မြို့တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နေရာမှာ အာရက္ခတပ်တော် အနေ နဲ့လည်း အကန့်အသတ်တွေ နဲ့ တိုက်ပွဲတွေကို ဖော်ဆောင်ကာ တိုက်ခိုက်နေရတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန် ပြောဆိုထားပါတယ်။




