နောင်ချို့မြို့မှာ စစ်ကောင်စီတပ်တွေ နဲ့ တအာင်းတပ်မတော် TNLA တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ အတွက် မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ခက်ခဲလာတာကြောင့် ဇူလိုင်လ ၁၅ ရက်နေ့ ကတည်းကပင် အရပ်ဖက်ဆိုင်ရာစီမံအုပ်ချုပ်မှုရုံးလုပ်ငန်းတွေကို လုံခြုံတဲ့ နေရာတွေကို ပြောင်းရွှေ့ထားပြီးတော့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ PSLF/TNLA က အသိပေးထားပါတယ်။
စစ်ကောင်စီဟာ မေလကစပြီးတော့ ဇူလိုင်လအလယ်လောက်အထိ နောင်ချို့မြို့အတွင်းမှာရှိတဲ့ ကျေးရွာတွေကို ဦးတည်ပြီးတော့ မြေပြင်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုင်တာတွေကို လုပ်ဆောင်လာခဲ့သလို လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ အဆိပ်ငွေ့ဗုံးတွေ နဲ့ ကြဲချတိုက်ခိုက်တာတွေကို နေ့စဉ်လုပ်ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီလို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာတာနဲ့ အတူ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွါးတဲ့ နေရာတွေအပြင် တိုက်ပွဲဖြစ်ပွါးတာ မရှိတဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက် ရှိရှိ နဲ့ လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အဲဒီလို အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာခဲ့တဲ့ အတွက် နောင်ချို့မြို့ ဧရိယာအတွင်းမှာ နေထိုင်နေကြတဲ့ အရပ်သားတွေဟာ မြို့တွင်းကထွက်ခွါပြီးတော့ မြို့ပြင်မှာ နေထိုင်တာတွေကိုလည်းလုပ်ဆောင်ခဲ့ပေမယ့် အဲဒီလို့ မြို့ပြင်မှာနေထိုင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေရာတွေကို စစ်ကောင်စီတပ်တွေက ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်တာတွေကို လည်း ထပ်မံ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီလို အရပ်သားပြည်သူတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်လာတဲ့ အတွက် ဒေသခံပြည်သူတွေဟာ နေစရာပျောက်ဆုံးသွားခဲ့ရပြီးတော့ လက်ရှိမှာတော့ နီးစပ်ရာ မြို့၊ရွာတွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဒုက္ခသည်စခန်းတွေကို ဆက်လက် ထွက်ခွါကာ စစ်ဘေးရှောင်နေထိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။
အဲဒီလို စစ်ကောင်စီက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ အတွက် မေလကပင် ဇူလိုင်လ ၁၅ ရက်နေ့အထိ နောင်ချိုမြို့အပါအဝင် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့တွေမှာ အရပ်သားပြည်သူ (၂၃) ဦးသေဆုံးခဲ့ရပြီးတော့ ထိခိုက်ဒဏ်ရာရသူ (၈၈)ဦးထိရှိခဲ့သလို ဘုန်းကြီးကျောင်း (၈)ကျောင်း၊ စာသင်ကျောင်း(၈)ကျောင်း နဲ့ နေအိမ် (၂၂၀) လုံး ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ နောင်ချို့မြို့အတွင်းမှာ မေလကနေပြီးတော့ ဇူလိုင်လ (၁၅)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ (၃၁၉)ကြိမ်အထိရှိခဲ့ပြီးတော့ အဲဒီတိုက်ပွဲ အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ (၁၀၆)ကြိမ်၊ ဒရုန်းနဲ့ တိုက်ခိုက်တာ (၁၆၂)ကြိမ် ၊လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာ (၄၆၉၂)ကြိမ် နဲ့ အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်မှု (၁၈၆) ကြိမ်အထိလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေ နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ နောင်ချိုမြို့အတွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွါးနေတဲ့ အတွက် မိဘပြည်သူတွေ အနေ နဲ့ တိုက်ပွဲကြား ကြားညှပ်မပိတ်မိစေဖို့အတွက် လုံခြုံရေးသတိထားပြီးတော့ နေထိုင်သွားလာကြဖို့ နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးလမ်းညွှန်ချက်တွေကိုလည်း လိုက်နာကြဖို့ကို တအာင်းတပ်မတော် TNLA က သတိပေးထားပါတယ်။
တိုက်ပွဲဖြစ်ပွါးတာ မရှိတဲ့ ကျောက်မဲ၊သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့တွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေကို မကြာခဏဆိုသလို လုပ်ဆောင်တာတွေ ရှိနေတဲ့ အတွက် ပြည်သူတွေ အနေ နဲ့ သတိဝီရိယ နဲ့ နေထိုင်သွားလာဖို့ကိုလည်း တအာင်းတပ်မတော် TNLA ကတိုက်တွန်းပြောဆိုထားပါတယ်။