Home သတင်း စစ်ရေး တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမှာ မြို့ပေါ်ရပ်ကွက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေ

တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမှာ မြို့ပေါ်ရပ်ကွက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေ

55
0

CNA ၊ မြတ်သူ။

စစ်ကောင်စီတပ် နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမှာ မြို့ပေါ်ရပ်ကွက် တွေကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေ ရှိနေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်(၂၁)ရက်နေ့ ည (၇) နာရီဝန်းကျင်လောက်မှာ ကျောက်ဖြူမြို့အတွင်း က ငလပွေ့ ၊ တောင်ရင်း အနီးကို လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲတာ ရှိခဲ့သလို အစိုးရရပ်ကွက် အတွင်းကိုလည်း လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲတာ ရှိခဲ့တယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ကျောက်ဖြူဒေသခံ တစ်ဦးကပြောပါတယ်။

“ဘယ်က ပစ်တယ်ဆိုတာကိုတော့ မသိဘူး အသံကတော့ တော်တော်ကျယ်တယ်။ငလပွေ့ ၊ တောင်ရင်း ကို ၂ လုံးကျတယ်။ အစိုးရရပ်ကွက် ကိုတစ်လုံးကျတယ်။လူထိခိုက်မှုအသေးစိတ်ကိုတော့ မသိရဘူး။အခုက ဆက်တိုက်ပစ်တာခတ်တာတွေရှိတော့ ဘယ်သူမှလည်း မထွက်ရဲ့ မသွားရဲကြဘူး။စစ်ကောင်စီတပ်တွေကလည်း ဒီမှာ ရှိတဲ့ မြို့ခံတွေကို စစ်ရှောင်ထွက်ခွင့်မပေးဘူး။တချို့ ငွေရှိတဲ့ သူတွေကတော့ လေယာဉ် နဲ့ ရန်ကုန်လိုနေရာတွေကို သွားနေကြတယ်”လို့ သူကပြောပါတယ်။

အခုလို မြို့ပေါ်ရပ်ကွက်တွေ ကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှု ရှိလာတဲ့ အတွက် မြို့တွင်းမှာ ပိတ်မိနေတဲ့ ဒေသခံ တွေ အပနေ နဲ့ အထူးစိုးရိမ်နေကြရပြီးတော့ စစ်ကောင်စီ အနေ နဲ့ ပြည်သူတွေကို စစ်ရှောင်ထွက်ခွင့် ပေးတာကို လုပ်ဆောင်ပေးစေချင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တဖက်မှာလည်း စစ်ကောင်စီ တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ကျောက်ဖြူမြို့နယ် အတွင်းက နေရာ ၅ နေရာထက်မနည်းမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးနေတာ ရှိနေပြီးတော့ စစ်ကောင်စီ က မြေပြင်အင်အား အလုံး အရင်းနဲ့ စစ်ကြောင်းထိုးတာ၊ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊လေကြောင်းက ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက် လုပ်ဆောင်နေတာတွေလည်း ရှိနေတယ်လို့ ကျောက်ဖြူမြို့ စစ်ရေး အခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးက အခုလိုပြောပါတယ်။

“စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးတာတွေ၊လေကြောင်း၊ဒရုန်းတွေ နဲ့ တိုက်ခိုက်တာတွေကို ပြင်းပြင်းထန်ထန်လုပ်နေတယ်။ မနေ့ကလည်း ကုလဘာ ဘက်ကို ဒရုန်းတွေ နဲ့ တိုက်ခိုက်တာတွေရော၊မြေ ပြင်စစ်ကြောင်းထိုးတာတွေရော လုပ်တယ်၊ဒီနေ့ မနက်ပိုင်းမှာလည်း ကျောက်ပျောက်ရွာဘက်ကို လေကြောင်းက ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆရာတော် တစ်ပါး ထိခိုက်ဒဏ်ရာ ရသွားတာ ရှိတယ်။ လက်ရှိလည်း တိုက်ပွဲတွေက ပြင်းထန်နေဆဲ ဖြစ်တယ်”လို့ သူကဆိုပါတယ်။

အာရက္ခတပ်တော်ဟာ ကျောက်ဖြူတိုက်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ပြားတဲ၊ မင်းတက်တောင်၊ စက်မှုလက်မှုသင်တန်းကျောင်းတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီးလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here