ပေါက်တောမြို့နယ်အတွင်းက သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ ဘုန်းကြီးကို သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့ တာဝန်ရှိသူများကလုပ်ထုံးလုပ်နည်းတွေ အညီဆောင်ရွက်ပေးခဲ့ပြီးနောက် အာရက္ခတပ်တော် ရဲ့ တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးဌာန (DLEPS) က ဖမ်းဆီးကာ အမှုဖွင့်အရေးယူဆောင်ရွက်တာတွေကို လုပ်ဆောင်ထားပြီးဖြစ်တယ်လို့ DLEPS ဌာနက တာဝန်ရှိသူ တွေက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာအတွင်းမှာ ဖြစ်ပွါးခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။
“အဲဒီမှာက ကလေးတွေကို စာသင်ပေးနေတာ ရှိတယ်။ အဲဒီမှာ ကလေးက စာသင်ပြီးကျောင်းကနေ အိမ်ကိုပြန်လာတော့ ထီးမေ့ကျန်နေခဲ့လို့ အိမ်ကနေပြီး ဘုန်းကြီးကျောင်းကို ထီးပြန်ယူဖို့သွားတဲ့ အချိန်မှာအခုလိုဖြစ်တာ။ပြုကျင့်တဲ့သူကတော့ အဲဒီမှာ စစ်တွေကနေပြီးတော့ စစ်ဘေးရှောင်ဖို့ ရောက်နေတဲ့ ဦးပဉ္ဇင်းကြီး က ကလေးကို အတင်းဆွဲခေါ်ပြီးတော့ အတင်းအဓမ္မ ပြုကျင့်ခဲ့တာဖြစ်တယ်။ ကလေးက အဲဒီက ပြန်လာတော့ ငိုလာတာကြောင့် အိမ်ကလူတွေ မေးမြန်းလို့ အကြောင်းစုံကို သိရတော့ အမှုလာဖွင့်တယ်။အခုတော့ တရားခံကိုလည်း လုပ်ထုံးလုပ်နည်းတွေနဲ့ အညီလုပ်ပြီးတော့ ဖမ်းဆီးအရေးယူမှုတွေ လုပ် ဆောင်နေတယ်”လို့ သူကပြောပါတယ်။
အတင်းအဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်မှာ အဲဒီ ဟင်းခရော်ကျေးရွာ က အသက် ၉ နှစ်အရွယ် လေးတန်းကျောင်းသူ မ—- ဖြစ်ပြီးတော့ အတင်းအဓမ္မ ပြုကျင့်ခဲ့တဲ့ သူကတော့ စစ်တွေ မြို့ကနေပြီးတော့ ပေါက်တောမြို့၊ဟင်းခရော်ကျေးရွာအတွင်းကို စစ်ဘေးရှောင်ဖို့ရောက်နေတဲ့ အသက် ၆၉ နှစ်အရွယ် ဦးပဉ္ဇင်းကြီး စန္ဒိမာ (ခ) စိန်လှထွန်း ဖြစ်ပြီးတော့ အမှုအမှတ်(ပ) ၁၇/၂၀၂၅ ပုဒ်မ- ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်တာတွေကို လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
ရခိုင်ဒေသက အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မင်းပြားမြို့၊ဖားပြားကျေးရွာအတွင်းမှာလည်း ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုရှိပြီးတော့ ဒီဖြစ်စဉ်အတွင်း ကျူးလွန်ခဲ့တဲ့ သူတွေကို အာရက္ခတပ်တော် ရဲ့ တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးဌာန (DLEPS) က ဖမ်းဆီးပြီးတော့အမှုဖွင့် ဆောင်ရွက်နေတာတွေ ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။
အဲဒီလိုပဲ မြေပုံမြို့နယ်၊လွန်းလုံပိုက်ကျေးရွာ မှာလည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၀ ရက်က အသက် ၂၀ ကျော်အရွယ် အမျိုးသမီးကို အားဓမ္မပြုကျင့်ဖို့ ကြံရွယ်ခံရမှု တစ်ခုရှိခဲ့ပြီးတော့ အဲဒီကျူးလွန်ဖို့ ကြံရွယ် ခဲ့သူကို အာရက္ခတပ်တော် ရဲ့ တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးဌာန (DLEPS) အဖွဲ့က ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါပေမယ့် လက်ရှိ အာရက္ခတပ်တော်ထိန်းချုပ်မှုလက်အောက်မှာ ဖြစ်ပွါးခဲ့တဲ့ မုဒိမ်းမှု ကိစ္စတွေနဲ့ ဖမ်းဆီးထားတဲ့ တရားခံတွေကိုတော့ အာရက္ခတပ်တော်က အမှုစီရင်ချက်ချတာ၊ပြစ်ဒဏ်ပေးတာတွေကို ထိထိရောက်ရောက်လုပ်ဆောင်တာတွေ မရှိသေးတဲ့ အတွက် ဒီကိစ္စတွေကို ထိထိရောက်ရောက် အမြန်ဆုံး တရားစီရင်မှုတွေ လုပ်ဆောင်ပေးစေချင်တယ်လို့ ကာယာကံရှင်တွေက တောင်းဆိုနေကြပါတယ်။
တဖက်မှာလည်း ရခိုင်မှာ ရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက လက်ရှိ မုဒိမ်းမှုကို ကျူးလွန်ခဲ့တဲ့ သူတွေကို အာရက္ခတပ်တော် အနေ နဲ့ သေဒဏ်အထိပေးကာ စီရင်ပေးဖို့ အတွက်ကို တောင်းဆိုထားတာတွေလည်း ရှိနေပါတယ်။