ရခိုင်ဒေသမှာ ရှိတဲ့ မြို့နယ် ၁၇ ခုထဲက အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တဲ့ မြို့နယ် ၁၄ ခုအပါအဝင် နိုင်ငံတဝန်းက တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၆၀ ကျော်ကို အရေးပေါ် အခြေအနေအဖြစ်ကြေညာတယ်လို့ စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဒီနေ့ ဇူလိုင်လ ၃၁ ရက်နေ့ညနေမှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ရခိုင်ဒေသ က အာရက္ခတပ်တော် ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ ရမ်းဗြဲ၊ပေါက်တော၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ဂွ၊မောင်တော၊ဘူးသီးတောင်ကျောက်တော်၊မင်းပြား၊မြေပုံ၊မြောက်ဦး၊သံတွဲ၊အမ်း နဲ့ တောင်ကုတ်မြို့နယ်တွေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်(၉)ခုက မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၁၂(က) အရ အရေးပေါ်အခြေအနေကြေညာလိုက်တာဖြစ်တယ်လို့ဆိုထားပါတယ်။
စစ်ကောင်စီ အနေ နဲ့ အခုလို အရေးပေါ်ကြေညာရတာဟာ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုတွေ ချုပ်ငြိမ်းဖို့နဲ့ နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ကြေညာရတာဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုထားပါတယ်။
ဒါ့အပြင် ဒီအရေးပေါ်ကြေညာချက်ဟာ ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့ကစပြီး ရက်ပေါင်း ၉၀ အထိကြေညာထားတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီအနေ နဲ့ လက်ရှိ အရေးပေါ်ကြေညာချက်ထုတ်လာပြီးတဲ့ နောက်ပိုင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ အရင်တုန်းကထက် ပိုမိုလုပ်ဆောင်လာမှာကိုလည်း ဒေသခံပြည်သူတွေက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။




